ချယ်လ်ဆီးအသင်းရဲ့ ကွင်းလယ်တိုက်စစ်နဲ့ တောင်ပံကစားသမားဖြစ်တဲ့ ဟာကင်ဇီယက်ရှ်ဟာ လာမယ့် ၂၀၂၂ခုနှစ် ဇန်နဝါရီလအတွင်းမှာ စတင်ကျင်းပသွားတော့မယ့် အာဖရိကနိုင်ငံများဖလားပြိုင်ပွဲကို ဝင်ရောက်ဆင်နွဲသွားမယ့် မော်ရိုကိုလက်ရွေးစင်အသင်းရဲ့ လူစာရင်းမှာ အံ့အားသင့်စဖွယ် ချန်လှပ်ခံခဲ့ရတာကြောင့် ချယ်လ်ဆီးအသင်းအနေနဲ့ အာဖရိကပြိုင်ပွဲအတွက် ဆီနီဂေါဂိုးသမား အက်ဒွါမန်ဒီ တစ်ဦးတည်းကိုသာ စေလွတ်ရတော့မှာ ဖြစ်ပါတယ်။

Photo Credit : The Sun

ပြီးခဲ့တဲ့ ကြာသပေတးနေ့က ထုတ်ပြန်လာခဲ့တဲ့ မော်ရိုကိုလက်ရွေးစင်အသင်းရဲ့ အာဖရိကနိုင်ငံများဖလား ပြိုင်ပွဲဝင် လူစာရင်းအတွင်းမှာ မော်ရိုကိုကြယ်ပွင့် ဟာကင်ဇီယက်ရှ် ပါဝင်လာခဲ့ခြင်းမရှိပဲ အန်နက်ဆီရီ ဟာခီမီ ဆာအိတို့လို ထိပ်တန်းကစားသမားတွေသာ ရွေးချယ်ခဲ့ရပါတယ်။ ဇီယက်ရှ်ဟာ မော်ရိုကိုအသင်းရဲ့ အရေးပါလှတဲ့ ကစားသမားတစ်ဦး ဖြစ်ပေမယ့်လည်း အခုနှစ်အတွင်း ယှဉ်ပြိုင်ကစားခဲ့ရတဲ့ ကမ္ဘာ့ဖလားခြေစစ်ပွဲ (၆)ပွဲလုံးကို လွဲချော်ထားခဲ့ရသလို အခုလည်း အသင်းအတွက် အရေးပါလှတဲ့ အာဖရိကဖလားပြိုင်ပွဲကိုပါ ဆက်လက်ချန်လှပ်ထားခဲ့ရပါတယ်။

Photo Credit : The Sun

မော်ရိုကိုလက်ရွေးစင်အသင်းအတွက် ပွဲစဉ်ပေါင်း (၄၀) ပါဝင်ကစားပေးထားခဲ့ပြီး စုစုပေါင်းသွင်းဂိုး (၁၇)ဂိုးအထိ သွင်းယူထားနိုင်ခဲ့တဲ့ ဇီယက်ရှ်ဟာ ဒဏ်ရာပြသာနာတွေကြောင့် မော်ရိုကိုရဲ့ ပွဲစဉ်တွေကို လွဲချော်ထားခဲ့ရတာ ဖြစ်ပေမယ့်လည်း အခုလို အရေးပါတဲ့ ပြိုင်ပွဲတစ်ခုကနေပါ ချန်လှပ်ခံခဲ့ရခြင်းက လက်ရွေးစင်အသင်းနည်းပြဖြစ်သူ ဟာလီဟော့ဇစ်နဲ့ သူရဲ့ကြားမှာ ဆက်ဆံရေးပိုင်း အဆင်မပြေမှုတွေ ဖြစ်နိုင်တယ်လို့လည်း သိရှိရပါတယ်။ အခုလို ဟာကင်ဇီယက်ရှ်ကို အာဖရိကဖလားပြိုင်ပွဲဆီ စေလွှတ်ရခြင်း မရှိတော့တဲ့အတွက် ချယ်လ်ဆီးအသင်းအတွက်က သတင်းကောင်းတစ်ခုလို ဖြစ်ခဲ့ရပါတယ်။ ချယ်လ်ဆီးအသင်းဟာ လာမယ့်ဇန်နဝါရီ တစ်လလုံးနီးပါး ပွဲကျပ်တွေနဲ့ တောက်လျှောက်ရင်ဆိုင်ရမှာဖြစ်လို့ အသင်းရဲ့ လူအင်အား တောင့်တင်းနေဖို့ လိုအပ်နေပြီး အာဖရိကဖလားပြိုင်ပွဲကိုလည်း အသင်းရဲ့ ဂိုးသမားမန်ဒီကိုသာ စေလွှတ်ရတော့မှာဖြစ်လို့ အသင်းရဲ့အင်အားက လျော့နည်းသွားဖွယ် မရှိနိုင်ပါဘူး။ ချယ်လ်ဆီးအသင်းဟာ ဇန်နဝါရီအတွင်း လီဗာပူးလ် စပါး မန်စီးတီးအသင်းတွေနဲ့ ပရီးမီးယားလိဂ် ပွဲစဉ်တွေအပြင် စပါးနဲ့ လိဂ်ဖလား ဆီမီးဖိုင်နယ်ပွဲစဉ်ကိုပါ ဆက်တိုက်ယှဉ်ပြိုင်ရဦးမှာ ဖြစ်ပါတယ်။