ချယ်လ်ဆီးအသင်းကတော့ ခရစ္စတယ် ပဲလေ့စ်အသင်းရဲ့ ကြယ်ပွင့်ကစားသမားလေး မိုက်ကယ် အိုလီဆေးကို ခေါ်ယူသွားဖို့အတွက် ပုဂ္ဂိုလ်ရေး သဘောတူညီမှု ရရှိသွားခဲ့ပြီလို့ သတင်းထွက်ပေါ်လာခဲ့ပြီး အပြောင်းအရွှေ့ အထမြောက်ဖို့အတွက် အသင်းနှစ်သင်းကြား သဘောတူညီမှု ရရှိဖို့သာ လိုအပ်နေပါတော့တယ်။
တကယ်တော့ ချယ်လ်ဆီးဟာ ပြီးခဲ့တဲ့ ဘောလုံးရာသီရဲ့ နွေဈေးကွက်မှာကတည်းက အိုလီဆေးကို ခေါ်ယူဖို့အတွက် အလွန် နီးစပ်တဲ့ အခြေအနေအထိတောင် ရောက်ရှိခဲ့ရပေမယ့်လည်း အပြောင်းအရွှေ့ အပြီးသတ်ခါနီးမှ အိုလီဆေးဘက်က ဆုံးဖြတ်ချက် ပြောင်းသွားခဲ့ပြီး ပဲလေ့စ်နဲ့သာ စာချုပ်သစ် ချုပ်ဆိုလိုက်တာကြောင့် ချယ်လ်ဆီးက အိုလီဆေးအစား ကိုး ပါလ်မာကိုသာ ခေါ်ယူခဲ့ရပါတယ်။
Photo Credit : Sky Sports
ချယ်လ်ဆီးအသင်းဆီ မပြောင်းရွှေ့ဖြစ်ခဲ့တဲ့ အိုလီဆေးက ပဲလေ့စ်နဲ့ ပြီးခဲ့တဲ့ ၂၀၂၃-၂၄ ဘောလုံးရာသီကို အကောင်းဆုံး ဖြတ်သန်ရင်း ဒဏ်ရာပြသာနာကြောင့် ပရီးမီးယားလိဂ် (၁၉)ပွဲသာ ကစားခွင့်ရခဲ့ပေမယ့် (၁၀)ဂိုးအထိတောင် သွင်းယူပြီး (၆)ဂိုးအထိလည်း ဂိုးဖန်တီးပေးနိုင်ခဲ့တဲ့အထိ စွမ်းဆောင်ပေးနိုင်ခဲ့ပါတယ်။
ဒါကြောင့်မို့လည်း သူ့ကို ပရီးမီးယားလိဂ် ထိပ်သီးကလပ်အသင်းတွေက စိတ်ဝင်စားလာခဲ့သလို ချယ်လ်ဆီးကလည်း တဖန် စိတ်ဝင်စားလာခဲ့ပါတယ်။ အိုလီဆေးကို လိုချင်နေတဲ့ ကလပ်တွေထဲမှာ မန်စီးတီး မန်ယူနိုက်တက် လီဗာပူးလ်တို့ ပါဝင်နေပြီး ချယ်လ်ဆီးကလည်း နွေတုန်းက မခေါ်ယူနိုင်ခဲ့လိုက်တဲ့ အိုလီဆေးကို နောက်တစ်ကြိမ် ကြိုးပမ်းချင်လာခဲ့ပါတယ်။
Photo Credit : CaughtOffside
GiveMeSports ရဲ့ ဖော်ပြချက်များအရ ချယ်လ်ဆီးဟာ အိုလီဆေးကို အသင်းဆီ ခေါ်ဆောင်ဖို့အတွက် ကစားသမားဖြစ်သူနဲ့ လစာကိစ္စ စာချုပ်အခြေအနေတွေအားလုံး သဘောတူညီမှု ရယူထားနိုင်ခဲ့ပြီလို့ ဖော်ပြထားပြီး ချယ်လ်ဆီးနဲ့ ပဲလေ့စ်အသင်းတို့ကြား ပြောင်းရွှေ့ကြေး သဘောတူညီမှု ရဖို့သာ ကျန်ရှိနေပါတော့တယ်။
ပဲလေ့စ်နဲ့ အိုလီဆေးတို့ စာချုပ်သစ် ချုပ်ဆိုပြီးတဲ့နောက် အိုလီဆေးရဲ့ စာချုပ်ဖျက်သိမ်းကြေးကို အနည်းငယ် တိုးမြှင့်လိုက်တာကြောင့် ချယ်လ်ဆီးအနေနဲ့ အိုလီဆေးအတွက် အဲ့ဒီ စာချုပ်လျော်ကြေးအတိုင်းနဲ့ ကမ်းလှမ်းသွားရမှာ ဖြစ်သလို အဲ့ဒီလျော်ကြေးကို ပေးချေသွားဖို့ ဆွေးနွေးမှုတွေ လုပ်ဆောင်လျက် ရှိနေတယ်လို့ သိရပါတယ်။