ဥရောပချန်ပီယံလိဂ်ပြိုင်ပွဲကြီးရဲ့ သမိုင်းတလျှောက်မှာ လုံးဝကို မရှိဖူးသေးတဲ့ စံချိန်တစ်ခုဖြစ်သော ချန်ပီယံလိဂ်ဖလားကို ကိုင်မြှောက်နိုင်ခဲ့ဖူးတဲ့ ပထမဆုံး အာဖရိကန်ဂိုးသမားတစ်ယောက်ဆိုတဲ့ စံချိန်တစ်ခုကို ချယ်လ်ဆီးအသင်းရဲ့ ဂိုးသမားဖြစ်သူ အက်ဒွါမန်ဒီက အရဖော်ဆောင်သွားနိုင်ခဲ့ပါတယ်။ ဘောလုံးနယ်ပယ်ထဲမှာ အာဖရိက ကစားသမားတွေ များစွာရှိကြပေမယ့် ထိပ်တန်းကလပ်အသင်းတွေမှာတော့ အာဖရိက လူမည်းဂိုးသမားတွေကို အသုံးနည်းလေ့ရှိကြတာကြောင့် ဒီစံချိန်ကို ဘယ်သူကမှ မရယူနိုင်ခဲ့ရတာဖြစ်ပေမယ့် ဂိုးသမားမန်ဒီကတော့ မရရအောင် အကောင်အထည် ဖော်သွားနိုင်ခဲ့ပါတယ်။

Photo Credit : CGTN

ပြီးခဲ့တဲဲ့ နွေစျေးကွက်မှာ ကစားသမားသစ်တွေကို များစွာခေါ်ယူခဲ့တဲ့ ချယ်လ်ဆီးအသင်းဟာ အသင်းရဲ့ နံပါတ်တစ်ဂိုးသမား ကယ်ပါရဲ့လက်စွမ်း မတည်ငြိမ်မှုတွေကြောင့် ဂိုးသမားသစ်တစ်ယောက်ကိုပါ ထပ်မံခေါ်ယူသွားဖို့ ပြင်ဆင်လာခဲ့ရပြီး အသက်လက်တီကိုဂိုးသမား အော့ဘလက်ကို ဦးစားပေးပစ်မှတ်ထားခဲ့ပါတယ်။ ဒါပေမယ့် ထိပ်တန်းဂိုးသမား အော့ဘလက်ကို ခေါ်ယူဖို့ ခက်ခဲနေရတဲ့အတွက် နောက်ဆုံးမှာတော့ ဘောလုံးပရိသတ်တွေနဲ့ သိပ်ပြီးရင်းနှီးကျွမ်းဝင်မှု မရှိလှတဲ့ ရန်းစ်အသင်းရဲ့ ဆီနီဂေါဂိုးသမား အက်ဒွါမန်ဒီကိုသာ ပေါင်(၂၂)သန်းနဲ့ ခေါ်ယူလိုက်ရပါတယ်။

Photo Credit : El Futbolero US

ရန်းစ်အသင်းမှာ တစ်ရာသီလေးပဲ ပါဝင်ကစားထားရသေးတဲ့ ဒီဂိုးသမားကို ချယ်လ်ဆီးဘက်ကနေ အသင်းရဲ့ ဦးစားပေးဂိုးသမားအဖြစ် ဘာကြောင့်ခေါ်ယူခဲ့ရသလဲဆိုပြီး သံသယမေးခွန်းတွေ ထွက်ပေါ်လာခဲ့ရပေမယ့် မန်ဒီကတော့ အဲ့ဒီသံသယတွေကို သူရဲ့အကောင်းဆုံးလက်စွမ်းတွေနဲ့ ချေဖျက်ပြနိုင်ခဲ့ပါတယ်။ ဘောလုံးသမားဘဝကို ပြင်သစ်ကလပ်အသင်းငယ်လေး ရှာဘူအသင်းမှာ စတင်ခဲ့ပြီးနောက် ၂၀၁၅ခုနှစ်မှာပဲ အသင်းနဲ့ လမ်းခွဲခဲ့ရပြီး အလုပ်လက်မဲ့ဘဝကိုတောင် ရောက်ရှိခဲ့ရတဲ့ မန်ဒီဟာ ဘောလုံးလောကထဲကနေပါ ထွက်ခွာရဖို့လောက်အထိကို ရုန်းကန်ခဲ့ရပါတယ်။ ဒါပေမယ့် သူရဲ့ မဆုတ်မနစ် ကြိုးပမ်းမှုကြောင့် မာဆေးလ်အသင်းရဲ့ အရန်အသင်းမှာ ပါဝင်ခွင့်ရခဲ့ပြီး ဘောလုံးသမားဘဝကို ဆက်လက်ရှင်သန်ခဲ့ရင်း နောက်ဆုံးမှာတော့ ချယ်လ်ဆီးအသင်းနဲ့အတူ ဥရောပချန်ပီယံလိဂ်ဖလားကြီးကိုပါ ကိုင်မြှောက်နိုင်ခွင့် ရလာခဲ့ပါတယ်။ ချယ်လ်ဆီးအသင်းရဲ့ ချန်ပီယံလိဂ်အောင်မြင်မှုမှာလည်း မန်ဒီရဲ့အခန်းကဏ္ဍာက အတော်လေးကို အရေပါးခဲ့ပြီး ပြိုင်ပွဲအတွင်း (၁၁)ပွဲ ပါဝင်ကစားခဲ့ရာမှာ (၉)ပွဲကို Clean Sheets ရယူပေးနိုင်ခဲ့ပြီး ပြိုင်ပွဲတလျှောက်လုံး ပေးဂိုး(၂)ဂိုးသာ ပေးထားခဲ့ရပါတယ်။ ဒီလို စွမ်းဆောင်ရည်တွေကြောင့် မန်ဒီဟာ ချယ်လ်ဆီးအသင်းရဲ့ဂိုးပေါက်မှာ လာမယ့်ဘောလုံးရာသီများစွာအထိ အသင်းရဲ့ဦးစားပေးဂိုးသမားအဖြစ်နဲ့ ဆက်လက်ရပ်တည်နေဦးမှာ သေချာနေပါတယ်။