ပြီးခဲ့တဲ့ရက်သတ္တပတ်တုန်းကမှ ချယ်လ်ဆီးအသင်းကို ပေါင်(၅၄)သန်းနဲ့ ပြောင်းရွှေ့လာဖို့ သဘောတူညီမှု ရယူနိုင်ခဲ့တယ်လို့ သတင်းထွက်လာခဲ့တဲ့ လိုက်ပ်ဇစ်အသင်းရဲ့ ဂျာမန်တိုက်စစ်ကစားသမား တီမိုဝါနာကို ခေါ်ယူဖို့ သဘောတူညီမှု ရရှိသွားခဲ့ပြီဖြစ်ကြောင်း ချယ်လ်ဆီးအသင်းဘက်ကနေ တရားဝင်ထုတ်ပြန်ကြေညာလာခဲ့ကာ လိုက်ပ်ဇစ်အသင်းနဲ့ ဘွန်ဒစ်လီဂါပွဲစဉ်တွေကစားအပြီး ဇူလိုင်လမှာ အသင်းကို ရောက်ရှိလာတော့မယ်လို့ သိရှိရပါတယ်။

အသက်(၂၄)နှစ်အရွှယ် ဂျာမန်လက်ရွေးစင် တိုက်စစ်ကစားသမား တီမိုဝါနာကို တစ်နှစ်လုပ်ခ ပေါင်(၉)သန်း တစ်ပတ်လုပ်ခ ပေါင်(၁၇၀၀၀၀)အထိ ပေးချေသွားမှာဖြစ်ပြီး ကစားသမားဘက်ကနေလည်း ဒီကမ်းလှမ်းချက်ကို လက်ခံသွားခဲ့ပါတယ်။ ဒါကြောင့် လာမယ့်ဇူလိုင်လမှာပဲ ချယ်လ်ဆီးအသင်းကို ရောက်ရှိလာတော့မှာဖြစ်လို့ ဆေးစစ်မှုတွေကိုလည်း မကြာခင်မှာ ပြုလုပ်သွားပြီး မိတ်ဆက်ပွဲကိုလည်း ဆောင်ရွက်သွားတော့မှာဖြစ်ပါတယ်။ လက်ရှိမှာတော့ ဝါနာက လိုက်ပ်ဇစ်အသင်းနဲ့ လက်ကျန်ဘွန်ဒစ်လီဂါပွဲစဉ်(၂)ပွဲကို ဆက်လက်ဆင်နွဲရဦးမှာဖြစ်ပါတယ်။

အခုလို ချယ်လ်ဆီးအသင်းဆီ ပြောင်းရွှေ့ခွင့်ရခဲ့ခြင်းအပေါ် ဝါနာက “ချယ်လ်ဆီးအသင်းဆီ ပြောင်းရွှေ့ကစားခွင့်ရခဲ့တဲ့အပေါ် ကျွန်တော်အရမ်းဝမ်းမြောက်မိပါတယ်။ ဒီလို အဆင့်အတန်းမြင့်မားလှတဲ့ ကလပ်အသင်းကြီးတစ်ခုဆီမှာ သွားရောက်ကစားရတော့မှာဖြစ်လို့ ကျွန်တော့်ကိုယ်ကျွန်တော် ဂုဏ်ယူလို့မဆုံးပါဘူး။ ဟုတ်ပါတယ်။ ကျွန်တော် လိုက်ပ်ဇစ်အသင်းကိုလည်း ကျေးဇူးတင်မိပါတယ်။ အသင်းရဲ့ပရိသတ်တွေရောပါပဲ။ တကယ့်ကို မမေ့နိုင်စရာ အချိန်ကာလတွေကို ဖြတ်သန်းခဲ့ရအတွက်ကြောင့် လိုက်ပ်ဇစ်ဆိုတာ ကျွန်တော့်နှလုံးသားထဲမှာ ထာဝရရှိနေမှာပါ။ လာမယ့်ရာသီသစ်မှာတော့ ကျွန်တော်ရဲ့အသင်းဖော်အသစ် နည်းပြအသစ်တွေ ပရိသတ်အသစ်တွေနဲ့ ဆုံတွေ့ရတော့မှာဖြစ်လို့ အရမ်းကို စိတ်လှုပ်ရှားနေရပါတယ်။ ကျွန်တော်တို့အားလုံး ပူးပေါင်းပြီးတော့ အနာဂတ်မှာ အောင်မြင်မှုတွေကို ရှာဖွေသွားကြမယ်” လို့ ကြွေးကြော်ပြောဆိုသွားခဲ့ပါတယ်။ ဝါနာဟာ ဇူလိုင်လမှာ ချယ်လ်ဆီးအသင်းကို ရောက်ရှိလာမှာဖြစ်လို့ သြဂုတ်လမှာ ကျင်းပသွားမယ့် ချန်ပီယံလိဂ်ပွဲစဉ်မှာတော့ လိုက်ပ်ဇစ်အတွက်ရော အသင်းသစ်ချယ်လ်ဆီးအတွက်ပါ ကစားပေးနိုင်မှာမဟုတ်ဘူးလို့ သိရပါတယ်။