ပရီးမီးယားလိဂ် နာမည်ကြီးကလပ် ချယ်လ်ဆီးက အီတလီ စီးရီးအေ ထိပ်သီးကလပ် နာပိုလီနဲ့ ပြဿနာ တက်နေတဲ့ နိုင်ဂျီးရီးယား တိုက်စစ်မှူး အိုဆီမန်ကို ခေါ်ယူဖို့ နာပိုလီနဲ့ အိုဆီမန်တို့ရဲ့ အခြေအနေကို အနီးကပ် စောင့်ကြည့်နေကြောင်း နာမည်ကြီး သတင်းဌာန တခု ဖြစ်တဲ့ Talksportsက အခိုင်အမာ ဖော်ပြလာခဲ့ပါတယ်။

အသက် ၂၄နှစ် အရွယ် နိုင်ဂျီးရီးယား လက်ရွေးစင် တိုက်စစ်မှူး အိုဆီမန်က ၂၀၂၀ခုနှစ်မှာ လိုင်လီကနေ နာပိုလီထံ ပြောင်းရွှေ့ကြေး ယူရို ၇၅သန်းနဲ့ ပြောင်းရွှေ့လာခဲ့ပြီးနောက် အသင်းရဲ့ အဓိက တိုက်စစ်မှူး အဖြစ် ခြေစွမ်းပြ ကစားနေသူပါ။

Photo Credit: Live Scores

အိုဆီမန်က နာပိုလီအတွက် ၃နှစ်ကျော် ကာလအတွင်းမှာ ပြိုင်ပွဲစုံ ၁၀၇ပွဲ ပါဝင် ကစားပေးခဲ့ရာ သွင်းဂိုး ၆၂ဂိုး သွင်းယူထားနိုင်သလို ဂိုးဖန်တီးမှု ၁၅ကြိမ် ပြုလုပ်ထားနိုင်ကာ ပြီးခဲ့တဲ့ ဘောလုံးရာသီမှာလည်း နာပိုလီကို နှစ်ပေါင်း ၃၀ကျော် အတွင်း ပထမဦးဆုံးအကြိမ် အဖြစ် အီတလီ စီးရီးအေ ချန်ပီယံဘွဲ့ကို ပြန်ရအောင် ကူညီပေးထားနိုင်ပါတယ်။

အိုဆီမန်က တကျော့ပြန် နာပိုလီရဲ့ စကူဒက်တိုအောင်ပွဲမှာ အဓိကကျခဲ့တဲ့ ကစားသမား ဖြစ်ပေမယ့် နာပိုလီရဲ့ ဝန်ထမ်း တချို့က သူ့ကို အခုချိန်အထိ မလေးမစား ဆက်ဆံနေကြဆဲ ဖြစ်သလို ပြီးခဲ့တဲ့ရက်ပိုင်းမှာလည်း နာပိုလီရဲ့ တရားဝင် Tik Tok အကောင့်ကနေ အိုဆီမန် တယောက် ပင်နယ်တီ လွဲခဲ့တဲ့ ဖြစ်ရပ်ကို လှောင်ပြောင်ထားတဲ့ ဗွီဒီယို တပုဒ် တင်ခဲ့ပါတယ်။

Photo Credit: Football 365

နာပိုလီရဲ့ တာဝန်ရှိသူတွေက အိုဆီမန်ကို လှောင်ပြောင်ထားတဲ့ ဗွီဒီယိုအား နာရီပိုင်းအတွင်း ပြန်လည် ဖျက်ချသွားခဲ့ပေမယ့် အဆိုပါဗွီဒီယိုက ဘောလုံးပရိသတ်တွေ ကြားထဲမှာ အရှိန်အဟုန် ပြင်းပြင်းနဲ့ ပျံ့နှံ့သွားခဲ့သလို အိုဆီမန်နဲ့ သူ့ရဲ့ မိသားစုဝင်တွေ ၊ အေးဂျင့်တွေက အဆိုပါဗွီဒီယိုကိစ္စကြောင့် နာပိုလီကို အကြီးအကျယ် ဒေါသထွက်နေပြီး အိုဆီမန်ရဲ့ အေးဂျင့်အဖွဲ့က နာပိုလီကို ဗွီဒီယိုကိစ္စ အတွက် တရားစွဲဖို့ အထိပါ ပြင်ဆင်နေကြပါတယ်။

နာမည်ကြီး သတင်းဌာန တခု ဖြစ်တဲ့ Talksportsရဲ့ ဖော်ပြချက်အရ ချယ်လ်ဆီးက နာပိုလီနဲ့ အိုဆီမန်တို့ရဲ့ အခြေအနေကို အနီးကပ် စောင့်ကြည့်နေပြီး အကယ်၍ အိုဆီမန်နဲ့ နာပိုလီတို့ ကြားထဲမှာ အခုထက် ပိုတဲ့ တင်းမာမှုတွေ ဆက်ဖြစ်နေရင် လာမယ့် ဆောင်းဈေးကွက်မှာပဲ အိုဆီမန်ကို ခေါ်ယူဖို့ ကြိုးစားနိုင်ကြောင်း သိရပါတယ်။