ချယ်လ်ဆီးအသင်းမှာ flop player ဖြစ်ခဲ့ရတဲ့ ဂျာမနီ တိုက်စစ်မှူး တီမို ဝါနာဟာ လာမယ့် ဆောင်းရာသီ အပြောင်းအရွှေ့ ဈေးကွက်အတွင်းမှာပဲ လိုက်ပ်ဇစ်အသင်းကနေ နောက်တစ်ကြိမ် ထွက်ခွာပြီး ပရီးမီးယားလိဂ်ပြိုင်ပွဲဆီ ပြန်လာနိုင်ဖွယ် ရှိနေတယ်လို့ သိရပါတယ်။

အသက် (၂၇)နှစ်အရွယ် စတုဂတ် တိုက်စစ်မှူးဟောင်း ဝါနာဟာ ၂၀၁၆ခုနှစ်ကနေ စတင်ပြီး လိုက်ပ်ဇစ်အသင်းနဲ့ အတော်လေး နာမည်ကျော်ကြားခဲ့တဲ့ ဂျာမန် ကစားသမားဖြစ်လို့ သူ့ကို ချယ်လ်ဆီးအသင်းက ၂၀၂၀မှာ ယူရို သန်း(၅၀) သုံးစွဲကာ ခေါ်ယူခဲ့ပါတယ်။

Photo Credit : PM News

ချယ်လ်ဆီး ကစားသမားဘဝ ပွဲဦးထွက် ရာသီမှာပဲ အသင်းနဲ့အတူ ချန်ပီယံလိဂ်ဖလားကို ဆွတ်ခူးနိုင်ခဲ့ပေမယ့်လည်း ဝါနာက ချယ်လ်ဆီးအတွက် နှစ်ရာသီအတွင်း ပွဲပေါင်း (၈၉)ပွဲ ကစားထားရင်း (၂၃)ဂိုးသာ သွင်းယူနိုင်ခဲ့တဲ့အထိ အခြေအနေ ဆိုးရွှားခဲ့ရပါတယ်။

ဒါကြောင့် ချယ်လ်ဆီးက ဝါနာကို သူ့အသင်းဟောင်း လိုက်ပ်ဇစ်ဆီ ပြန်လည် ရောင်းချခဲ့ပြီး လိုက်ပ်ဇစ်နဲ့ ပြန်လည် ပူးပေါင်းချိန်မှာတော့ တစ်ရာသီအတွင်း (၁၆)ဂိုးအထိ သွင်းယူနိုင်ခဲ့ပေမယ့် ဒီရာသီမှာတော့ ဝါနာက လိုက်ပ်ဇစ်မှာ ပွဲကစားခွင့်တွေ အတော်လေး နည်းပါးလာခဲ့ရပါတယ်။

Photo Credit : Marca

ဘွန်ဒက်စ်လီဂါမှာ (၈)ပွဲ ပါဝင်ကစားခွင့်ရပေမယ့် (၂)ပွဲကိုသာ ပွဲထွက် ကစားသမားအဖြစ် ပါဝင်ထားရတဲ့ ဝါနာဟာ လာမယ့် ဆောင်းဈေးကွက်မှာတော့ လိုက်ပ်ဇစ်ကနေ နောက်တစ်ကြိမ် ထွက်ခွာသွားဖို့ စီစဉ်နေပြီး လိုက်ပ်ဇစ်ဘက်ကလည်း ကစားသမားရဲ့ ဆန္ဒကို လိုက်လျောပေးဖွယ် ရှိနေပါတယ်။

အိုပင်ဒါ ဆက်စ်ကို ပေါလ်ဆန်တို့ရဲ့နောက် စတုတ္ထ ဦးစားပေးအနေနဲ့သာ ကစားနေရတဲ့ ဝါနာက လိုက်ပ်ဇစ်က ထွက်ခွာပြီး အင်္ဂလန်မြေဆီကို တစ်ကျော့ပြန် သွားချင်နေရာ လက်ရှိမှာတော့ ပြီးခဲ့တဲ့နှစ်ကတည်းက သူ့ကို အလိုရှိခဲ့တဲ့ နယူးကာဆယ်အသင်းနဲ့ အပြောင်းအရွှေ့ သတင်းတွေ ပြန်လည် ထွက်ပေါ်နေသလို ဂျုဗင်တပ်စ်ကလည်း ဝါနာရဲ့ အခြေအနေကို စောင့်ကြည့်လျက် ရှိနေပါတယ်။