MySport Myanmar

နောက်ထပ် ဒဏ်ရာပြသာနာတစ်ခုနဲ့ ထပ်မံ ရင်ဆိုင်ရဖွယ် ရှိနေတဲ့ ကန်တေ

ထိပ်တန်းကစားသမားတစ်ဦး ဖြစ်ပေမယ့်လည်း မကြာခဏဆိုသလို ဒဏ်ရာပြသာနာတွေနဲ့ ရင်ဆိုင်နေရတတ်တဲ့ ချယ်လ်ဆီး ကွင်းလယ်ကစားသမား အန်ဂိုလိုကန်တေဟာ အခုလည်း ပေါင်ဒဏ်ရာကြောင့် အနားယူနေရာကနေ ပြန်လည် သက်သာလာလို့ အသင်းနဲ့ လေ့ကျင့်ခန်းဆင်းခဲ့ရာ နောက်ထပ် ဒဏ်ရာပြသာနာတစ်ခုနဲ့ ထပ်မံ ကြုံတွေ့ခဲ့ရလို့ ဆက်လက် အနားယူရဖွယ် ရှိနိုင်တယ်လို့ သိရပါတယ်။

Photo Credit : The Sun

အသက်(၃၁)နှစ်အရွယ် ပြင်သစ်လက်ရွေးစင် ကွင်းလယ်လူ ကန်တေဟာ ချယ်လ်ဆီးအသင်းရဲ့ အဓိက ကစားသမားတစ်ဦးဖြစ်ပြီး အသင်းနဲ့လည်း အောင်မြင်မှုများစွာကို ရယူထားနိုင်ခဲ့ပေမယ့် injury prone player တစ်ဦး ဖြစ်နေတာက အသင်းအတွက်ရော ကန်တေအတွက်ပါ နစ်နာစေခဲ့ရပါတယ်။ အခုလည်း ကန်တေဟာ ပေါင်ဒဏ်ရာကြောင့် သြဂုတ်လလယ်ကတည်းက အနားယူနေရာ အသင်းအတွက် ပြန်ကစားနိုင်တော့မယ့် အချိန်မှာပဲ အသင်းလိုက် လေ့ကျင့်ခန်းဆင်းရင်းနဲ့ နောက်ထပ် ဒဏ်ရာအခြေအနေတစ်ခုကို ထပ်မံ ခံစားခဲ့ရသလို ဖြစ်ခဲ့တဲ့အတွက် ဆေးစစ်မှုတွေ လုပ်ဆောင်သွားရတော့မှာ ဖြစ်ပါတယ်။

Photo Credit : The Sun

ကန်တေရဲ့ အခြေအနေနဲ့ ပတ်သတ်ပြီး ချယ်လ်ဆီးနည်းပြ ဂရေဟမ်ပေါ်တာက “အန်ဂိုလိုကို ကျွန်တော်တို့တွေ စောင့်ဆိုင်းနေကြတယ်။ သူက လေ့ကျင့်ရေး အစီအစဉ်မှာ တုံ့ပြန်မှုတစ်ခု ရှိနေပြီဆိုတော့ အဲ့ဒီသတင်းနဲ့ ပတ်သတ်ပြီး ကျွန်တော်တို့ စောင့်နေကြရပါတယ်။ ဒါက သူ့အတွက်နဲ့ ကျွန်တော်တို့အတွက် စိတ်ပျက်စရာပါပဲ။ ဘယ်လောက်အတိုင်းအတာထိ ဖြစ်လာဦးမလဲဆိုတာကို ကျွန်တော်တို့တွေ စောင့်ကြည့်သွားရမှာပါ” လို့ ပြောဆိုလိုက်ပါတယ်။ အမြဲလိုလို ဒဏ်ရာပြသာနာတွေနဲ့ ရင်ဆိုင်နေရတဲ့ ကန်တေဟာ ဒီနှစ်ဘောလုံးရာသီအကုန်မှာပဲ ချယ်လ်ဆီးအသင်းနဲ့ ချုပ်ဆိုထားတဲ့ စာချုပ်သက်တမ်းက ကုန်ဆုံးတော့မှာဖြစ်လို့ ချယ်လ်ဆီးဘက်က သက်တမ်းတိုးဖို့ စီစဉ်နေပေမယ့် ကန်တေကိုယ်တိုင်က (၃)နှစ် ဒါမှမဟုတ် (၄)နှစ်လောက်အထိ သက်တမ်းတိုးချင်ပေမယ့် ချယ်လ်ဆီးကတော့ ကန်တေရဲ့ injury အခြေအနတွေကြောင့် (၂)နှစ်လောက်သာ သက်တမ်းတိုးချင်နေပါတယ်။ ဒါကြောင့် စာချုပ်ကိစ္စက ဆက်လက် ဆွေးနွေးနေရဆဲဖြစ်ပြီး တကယ်လို့ အဆင်မပြေခဲ့ဘူးဆိုရင်တော့ ကန်တေအနေနဲ့ ချယ်လ်ဆီးကနေ အလွတ်ပြောင်းရွှေ့ကြေးနဲ့ ထွက်ခွာရမှာ ဖြစ်ပါတယ်။ စပါး အာဆင်နယ်တို့နဲ့ သတင်းထွက်နေတဲ့ ကန်တေက သူ့အနေနဲ့ကတော့ ချယ်လ်ဆီးအသင်းမှာ ဆက်လက် ပါဝင်ကစားသွားဖို့သာ ဆန္ဒရှိနေပါတယ်။

Exit mobile version