ချယ်လ်ဆီးအသင်းကတော့ လီဗာပူးလ်အသင်းကို ခါရာဘောင် လိဂ်ဖလား ဖိုင်နယ်မှာ ရှုံးနိမ့်အပြီး အင်္ဂလန် ကလပ်အသင်းတွေထဲ ဘယ်အသင်းမှ မပိုင်ဆိုင်ဖူးသေးတဲ့ စံချိန်မှတ်တမ်းဆိုးတစ်ခုကို ပိုင်ဆိုင်သွားခဲ့ရပါတယ်။

ချယ်လ်ဆီးအသင်းက ဒီရှုံးပွဲမတိုင်ခင်ကတည်းက ၂၀၁၉ လိဂ်ဖလားဖိုင်နယ်ကနေ စတင်ပြီး အင်္ဂလန် ပြည်တွင်းရှုံးထွက်ဖလား ဖိုင်နယ်တွေမှာ စတင် ရှုံးနိမ့်လာခဲ့တာပဲ ဖြစ်ပါတယ်။ အဲ့ဒီတုန်းကတော့ ချယ်လ်ဆီးဟာ မန်စီးတီးအသင်းနဲ့ ရင်ဆိုင်ခဲ့ရပြီး ပင်နယ်တီ အဆုံးအဖြတ်နဲ့ ရှုံးနိမ့်ခဲ့ပါတယ်။

Photo Credit : The Sun

၂၀၂၀ခုနှစ်ရဲ့ အက်ဖ်အေဖလား ဖိုင်နယ်မှာလည်း ချယ်လ်ဆီးအသင်းဟာ မြို့ခံကလပ် အာဆင်နယ်အသင်းနဲ့ ရင်ဆိုင်ခဲ့ရရင်း အာတေတာရဲ့ အာဆင်နယ်အသင်းကို အူဘာမီယန်းရဲ့ သွင်းဂိုးတွေနဲ့အတူ (၂)ဂိုး (၁)ဂိုးနဲ့ ရှုံးနိမ့်ခဲ့ပြန်ပါတယ်။

၂၀၂၁နှစ်မှာလည်း ချယ်လ်ဆီးက အက်ဖ်အေဖလား ဖိုင်နယ်ကို ထပ်မံ တက်လှမ်းခဲ့ပြန်ပြီး ဒီတစ်ကြိမ်တော့ လက်စတာအသင်းနဲ့ တွေ့ဆုံခဲ့ပေမယ့်လည်း လက်စတာ ကွင်းလယ်လူဟောင်း တီလေမန်းစ်ရဲ့ တစ်လုံးတည်းသော သွင်းဂိုးနဲ့ပဲ ရှုံးခဲ့ရပြန်ပါတယ်။

Photo Credit : Chelsea FC

၂၀၂၂မှာလည်း ချယ်လ်ဆီးက ပြည်တွင်းရှုံးထွက်ပြိုင် (၂)ခုလုံးရဲ့ ဖိုင်နယ်တွေကို အသီးသီး တက်လှမ်းခဲ့ပြီး ဖိုင်နယ် (၂)ခုလုံးမှာလည်း လီဗာပူးလ်အသင်းနဲ့ပဲ တိုက်တိုက်ဆိုင်ဆိုင် တွေ့ဆုံနေကာ အဲ့ဒီ (၂)ပွဲလုံးမှာလည်း ပင်နယ်တီ အဆုံးအဖြတ်တွေနဲ့ပဲ အရှုံးပေးခဲ့ရပါတယ်။

အခု ၂၀၂၄ လိဂ်ဖလား ဖိုင်နယ်မှာလည်း လီဗာပူးလ်ကို ထပ်မံ အရှုံးပေးခဲ့ရပြန်တာကြောင့် ချယ်လ်ဆီးဟာ အင်္ဂလိပ် ဘောလုံးသမိုင်းမှာတော့ ပြည်တွင်းရှုံးထွက်ပြိုင်ပွဲတွေထဲ ဖိုင်နယ် (၆)ခုမှာ ဆက်တိုက် ရှုံးနိမ့်ရတဲ့ ပထမဆုံးအသင်းအဖြစ် စံချိန်တင် မှတ်တမ်းဝင်သွားခဲ့ရပါတယ်။