MySport Myanmar

5G စနစ်ကို စတင်အသုံးပြုတဲ့ ပထမဆုံး ပရီးမီးယားလိဂ်အသင်း ဖြစ်လာခဲ့တဲ့ ချယ်လ်ဆီး

ချယ်လ်ဆီးအသင်းဟာ သူတို့ရဲ့အိမ်ကွင်းဖြစ်တဲ့ စတမ်းဖိုဒ့်ဘရစ်ချ်ကွင်းမှာ အလွန်မြန်ဆန်တဲ့ အင်တာနက် ချိတ်ဆက်မှုကို ပေးဆောင်သွားဖို့အတွက် 5G Network ကို တပ်ဆင်ထားလိုက်ပြီ ဖြစ်တာကြောင့် ပရီးမီးယားလိဂ် ကလပ်အသင်းတွေ အားလုံးထဲကမှ 5G စနစ်ကို ပထမဆုံးအကြိမ်အဖြစ် စတင်အသုံးပြုတဲ့ ကလပ်အသင်း တစ်သင်းအဖြစ်ပါ မှတ်တမ်းဝင်သွားခဲ့ရပါတယ်။

Photo Credit : Daily Mail

ချယ်လ်ဆီးအသင်းဟာ သူတို့ရဲ့ ဂျာစီစပွန်ဆာဖြစ်တဲ့ ဗြိတိန်အခြေစိုက် ဆက်သွယ်ရေးနဲ့ အင်တာနက် ဝန်ဆောင်မှု ကုမ္မကြီး Three နဲ့ ပူးပေါင်းပြီး စတမ်းဖိုဒ့်ဘရစ် ကွင်းအတွင်းမှာ အင်တာနက် စနစ်ရဲ့ နောက်ဆုံးပေါ် စနစ်တစ်ခုဖြစ်တဲ့ 5G စနစ်ကို တပ်ဆင်ပေးလိုက်တာ ဖြစ်ပါတယ်။ ဒီစနစ်ကြောင့် စတမ်းဖို့ဒ်ဘရစ်မှာ ဘောလုံးပွဲတွေ လာရောက်ကြည့်ရှုသူတွေအနေနဲ့ သူတို့ရဲ့ 5G စနစ်သုံး ဖုန်းတွေနဲ့ အလွန်လျင်မြန်လှတဲ့ အင်တာနက် အတွေ့အကြုံတွေကို အပြည့်အဝ ခံစားရမှာ ဖြစ်ပါတယ်။ ဒီစနစ်ကို လာမယ့် ဖေဖော်ဝါရီ (၂၂)ရက်နေ့ လီဂူးဝမ်းကလပ် လိုင်လီအသင်းနဲ့ ချန်ပီယံလိဂ် (၁၆)သင်း ရှုံးထွက်အဆင့်ပွဲစဉ်မှာပဲ တရားဝင် စတင်အသုံးပြုနိုင်တော့မယ်လို့ သိရှိရပါတယ်။

Photo Credit : Daily Mail

ချယ်လ်ဆီးအသင်းရဲ့ 5G စနစ် တရားဝင် မိတ်ဆက်ပွဲမှာ အသင်းရဲ့ ကစားသမားဟောင်းကြီးတွေဖြစ်တဲ့ ဂျီအန်ဖရဂန်ကိုဇိုလာ ဂွတ်ဂျွန်ဆန် ဝီလီယံဂါးလက်စ် ဂျယ်ရမီနဲ့ ရောဘတ်ဂရင်းတို့က 5G စာသား ရိုက်နှိပ်ထားတဲ့ ချယ်လ်ဆီးဂျာစီကို ကိုင်ဆောင်ကာ မိတ်ဆက်ပေးသွားခဲ့ပါတယ်။ ချယ်လ်ဆီးနဲ့ Three ကုမ္မဏီတို့ဟာ 5G စနစ် တပ်ဆင်မှုရဲ့ ကုန်ကျစရိတ်အားလုံးကို ထုတ်ဖော်ပြောကြားထားခြင်း မရှိပေမယ့် ကွင်းအတွင်း အသင်းပွဲစဉ်တွေကို လာရောက်ကြည့်ရှုသူ အားလုံးအနေနဲ့ အင်တာနက်နဲ့ပတ်သက်ပြီး အကောင်းဆုံး အတွေ့့အကြုံမျိုးကို ခံစားစေရမယ်လို့ အသိပေးထားခဲ့ပါတယ်။ ၂၀၁၉ခုနှစ်ကနေ စတင်ပြီး ကမ္ဘာတဝန်းလုံးမှာ ကျယ်ကျယ်ပြန့်ပြန့် အသုံးပြုလာခဲ့တဲ့ 5G စနစ်ဟာ မြန်ဆန်တဲ့ ချိတ်ဆက်မှု Bandwidth တွေကို ပိုပေးစွမ်းနိုင်တာကြောင့် အသုံးပြုသူတွေအနေနဲ့ ဒေါင်းလုပ်ဒ် အမြန်နှုန်းကို မြင့်မားစွာ အသုံးပြုရနိုင်သလို စက်ပစ္စည်းပေါင်း ဘီလီယံနဲ့ ချီပြီးတော့ပါ ချိတ်ဆက်အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။ လက်ရှိ ချယ်လ်ဆီးအသင်းရဲ့ စတမ်းဖို့ဒ်ဘရစ်ကွင်းမှာ 4G စနစ်ကို သုံးစွဲနေတာဖြစ်ပြီး 4G စနစ်က အသုံးပြုသူ ထောင်ပေါင်းများစွာကို တစ်ကြိမ်တည်းမှာပဲ ပံ့ပိုးပေးစွမ်းမရှိသလို အင်တာနက်ပါ နှေးကွေးသွားတတ်တာကြောင့် အခု ပြောင်းလဲသွားမယ့် စနစ်က ကွင်းအတွင်း အင်တာနက် အသုံးပြုသူတွေအားလုံးအတွက် စိတ်ကျေနပ်မှုတွေ အပြည့်အဝ ပေးစွမ်းနိုင်သွားမှာ ဖြစ်ပါတယ်။

Exit mobile version