ပရီးမီးယားလိဂ် အင်အားကြီး အသင်းတစ်သင်း ဖြစ်တဲ့ ချယ်လ်ဆီးအသင်းဟာ အင်္ဂလန် ပရီးမီးယားလိဂ် သမိုင်းတစ်လျှောက် အကောင်းဆုံး တိုက်စစ်မှူးတွေထဲက တစ်ဦးအဖြစ် သတ်မှတ်ခံထားရတဲ့ မန်စီးတီးအသင်းရဲ့ ဝါရင့် အာဂျင်တီးနား တိုက်စစ်မှူး အဂူရိုကို ခေါ်ယူနိုင်ဖို့ ရေပန်းအစားဆုံး ဖြစ်နေကြောင်း အင်္ဂလန် အခြေစိုက် သတင်းဌာနတွေက ဖော်ပြသွားကြပါတယ်။ အသက် ၃၂နှစ် အရွယ် ဝါရင့်တိုက်စစ်မှူး အဂူရိုဟာ မန်စီးတီးအသင်းရဲ့ သမိုင်းတစ်လျှောက် သွင်းဂိုးအများဆုံး ကစားသမား အဖြစ် မှတ်တမ်းဝင်ထားသူ ဖြစ်ပေမယ့် ယခုနှစ် ဘောလုံးရာသီ အကုန်မှာတော့ အလွတ်ပြောင်းရွှေ့ကြေးနဲ့ အသင်းကနေ ထွက်ခွာတော့မှာ ဖြစ်ကြောင်း ကြေညာထားသူပါ။

Photo Credit: Standard

အဂူရိုဟာ မန်စီးတီးအသင်းနဲ့အတူ အောင်မြင်မှုပေါင်း များစွာကို ရယူနိုင်ခဲ့ဖူးတဲ့ တိုက်စစ်မှူး တစ်ဦး ဖြစ်သလို လက်ရှိအချိန်ထိလည်း တစ်ဖက် ခံစစ်မှူးတွေကို အိမ်မက်ဆိုးတွေ ပေးနိုင်တဲ့ ထိပ်တန်း တိုက်စစ်မှူးတစ်ဦး ဖြစ်နေပေမယ့် ဒဏ်ရာပြဿနာတွေဟာ သူ့ရဲ့ မန်စီးတီး ကစားသမားဘဝကို အဆုံးသတ် စေခဲ့တဲ့ အဓိက အကြောင်းပြချက် ဖြစ်ခဲ့ပါတယ်။ ဒဏ်ရာတွေကြောင့်ပဲ အဂူရိုဟာ လက်ရှိ ဘောလုံးရာသီမှာ မန်စီးတီးအသင်း အတွက် ပြိုင်ပွဲစုံမှာ စုစုပေါင်း ၄၅၄ မိနစ်သာ ကစားခွင့်ရခဲ့ပြီး သွင်းဂိုး ၃ဂိုးသာ သွင်းယူနိုင်ခဲ့ပါတယ်။ ဒါ့ကြောင့်ပဲ အဂူရိုဟာ မန်စီးတီးအသင်းနဲ့ ရာသီကုန်မှာ လမ်းခွဲဖို့ ဆုံးဖြတ်ခဲ့တာပါ။

Photo Credit: Standard

လတ်တလောမှာတော့ အဂူရိုကို ခေါ်ယူဖို့ ဥရောပ တစ်လွှားမှာ ရှိတဲ့ ထိပ်တန်းအသင်းတွေက စိတ်ဝင်စားနေကြပေမယ့် အဂူရိုကတော့ အင်္ဂလန် ပရီးမီးယားလိဂ်မှာသာ ဆက်ကစားဖို့ ဆန္ဒရှိနေပြီး လက်ရှိမှာ အဂူရိုကို ခေါ်ယူနိုင်ဖို့ အတွက် လန်ဒန်မြို့ခံ အသင်းတစ်သင်း ဖြစ်တဲ့ ချယ်လ်ဆီးအသင်းက အခြေအနေ အကောင်းဆုံး ဖြစ်နေကြောင်း အင်္ဂလန် အခြေစိုက် နာမည်ကြီး သတင်းဌာန နှစ်ခုဖြစ်တဲ့ Mail သတင်းဌာနနဲ့ Talksport သတင်းဌာနတို့က ဖော်ပြထားပါတယ်။ ချယ်လ်ဆီးအသင်းဟာ လက်ရှိမှာ အေဗရာဟမ် ၊ ဂျရူး ၊ တီမိုဗာနာ စတဲ့ တိုက်စစ်မှူးတွေကို ပိုင်ဆိုင်ထားပေမယ့် လာမယ့် နွေရာသီမှာ တိုက်စစ်ပိုင်းကို အင်အားမြှင့်တင်ဖို့ စဉ်းစားနေပြီး လတ်တလောမှာ ဒေါ့မွန်အသင်းရဲ့ လူငယ် တိုက်စစ်မှူး ဟာလန်းကို ခေါ်ယူဖို့ ကြိုးစားနေပေမယ့် ဟာလန်းကို မခေါ်ယူနိုင်ပါက အဂူရိုကို ခေါ်ယူဖို့ စီစဉ်ထားကြောင်းလည်း နီးစပ်သူတွေက ဆိုထားကြပါတယ်။