မနေ့ညက ယှဉ်ပြိုင်ကစားခဲ့တဲ့ ဟော်ဖန်ဟင်မ်အသင်းနဲ့ RB လိုက်ပ်ဇစ်အသင်းရဲ့ ဂျာမန်ဘွန်ဒစ်လီဂါပွဲစဉ်(၃၁)မှာ ဧည့်သည်အသင်းဖြစ်တဲ့ လိုက်ပ်ဇစ်က (၂)ဂိုး ဂိုးမရှိနဲ့ အပြတ်အသတ် အနိုင်ရရှိခဲ့ပေမယ့်လည်း လိုက်ပ်ဇစ်ရဲ့အဓိကတိုက်စစ်ကစားသမား တီမိုဝါနာကတော့ အသင်းအတွက် သွင်းဂိုးရယူခဲ့ခြင်းမရှိပဲ (၂)ပွဲဆက်တိုက် ဂိုးပေါက်ပျောက်ဆုံးခဲ့ရသလို ပွဲကစားချိန်အတွင်းမှာ ရရှိခဲ့တဲ့ အခွင့်အရေးကောင်းတစ်ခုကိုပါ အသုံးမချနိုင်ခဲ့ပဲ လွဲချော်ခဲ့တဲ့အတွက် သူနဲ့သတင်းထွက်နေတဲ့ ချယ်လ်ဆီးအသင်းရဲ့ ပရိသတ်တွေအတွက် စိတ်ပျက်စေခဲ့ရပါတယ်။

Photo Credit : Football Addict

အသက်(၂၄)နှစ်အရွှယ် ဂျာမန်လက်ရွေးစင် တိုက်စစ်ကစားသမား တီမိုဝါနာဟာ မနေ့ညက ကျင်းပခဲ့တဲ့ ဟော်ဖန်ဟင်မ်နဲ့ လိုက်ဇ်ပစ်ပွဲမှာ လိုက်ပ်ဇစ်ဘက်ကနေ ပွဲထွက်ကစားသမားအဖြစ် ပါဝင်ခဲ့ပြီး ပထမပိုင်း ပွဲပြီးခါနီးမှာ ရရှိခဲ့တဲ့ ဂိုးရရှိနိုင်မယ့် အခွင့်အရေးကောင်းတစ်ခုကို အဆုံးသတ်ကန်သွင်းရာမှာ အံ့အားသင့်စရာကောင်းလောက်အောင် လွဲချော်ခဲ့ရပြီး သူရဲ့အဆုံးသတ်ကန်ချက်က အားလုံးကို အံ့အားသင့်စေခဲ့ရပါတယ်။ ဝါနာဟာ အခု ဟော့ဖန်ဟင်မ်နဲ့ပွဲမှာသာ ဂိုးပေါက်လွဲချော်ခဲ့တာတင်မဟုတ်ပဲ ပါဒါဘွန်းနဲ့ တစ်ဖက်ကိုတစ်ဂိုးစီ သရေကျခဲ့တဲ့ပွဲမှာပဲ ဂိုးပေါက်လွဲချော်မှုတစ်ခုနဲ့ပါ ကြုံတွေ့ခဲ့ရပါသေးတယ်။

Photo Credit : Premier League News Now

အခုလို ဂိုးပေါက်လွဲချော်မှုတွေဟာ ဝါနာနဲ့ ချယ်လ်ဆီးအသင်းတို့ရဲ့ အပြောင်းအရွှေ့ သဘောတူညီမှုသတင်းတွေ ထွက်ပေါ်ခဲ့ပြီးနောက်မှာ ဆက်တိုက်ဖြစ်ပွားလာခဲ့ရတာဖြစ်သလို လက်ရှိမှာလည်း ချယ်လ်ဆီးပရိသတ်တွေက ဝါနာရဲ့ခြေစွမ်းနဲ့ပတ်သက်လို့ စိတ်ပျက်နေကြရကာ ဝေဖန်နေကြလျက်ရှိပါတယ်။ ဝါနာနဲ့ပတ်သက်ပြီး တွစ်တာပေါ်မှာ “ချယ်လ်ဆီးရေ ဒါခင်ဗျားတို့ရဲ့ တိုက်စစ်မှူးတဲ့လားဗျာ။ သူရဲ့နောက်ထပ် ထပ်မံလွဲချော်မှုကြီးကို မြင်လိုက်ရပြန်ပြီ။ အရည်အသွေး ညံဖျင်းမှုအတွက် စိတ်ပျက်မိရတယ်” “ဒါဟာ ဝါနာအနေနဲ့ သူရဲ့အပြောင်းအရွှေ့ကိစ္စရပ်ကို ကြန့်ကြာနိုင်အောင် သက်သက်မဲ့ ရည်ရွှယ်ချက်ရှိရှိ လုပ်ဆောင်နေတာ” “သူရဲ့ဗီဒီယိုထဲက အရည်အသွေးတွေက သူ့အပြင်မှာ အဆုံးသတ်နိုင်တဲ့ အရည်အသွေးထက်တောင် ပိုကောင်းနေပါသေးတယ်” “အပတ်တိုင်းလိုလို လိုက်ပ်ဇစ်ပွဲတွေ ကြည့်ဖြစ်တယ်။ ဝါနာကလည်း အဲ့ဒီပွဲတိုင်းမှာ ဂိုးပေါက်တွေ များစွာလွဲချော်ခဲ့တယ်” “ဝါနာအနေနဲ့ တစ်ဂိုးလောက်တော့ သွင်းယူခဲ့သင့်တယ်” ဆိုတဲဲ့ အမျိုးမျိုး ဝေဖန်ရှုတ်ချသွားခဲ့ကြပါတယ်။