ချယ်လ်ဆီးအသင်းရဲ့ လူငယ် တိုက်စစ်ကစားသမား အာမန်ဒိုဘရိုဟာက ကစားသမားဘဝအစမှာ တော့တင်ဟမ်ဟော့စပါး လူငယ်အသင်းမှာ ဘောလုံးပညာတွေ သင်ယူခဲ့ရပေမယ့်လည်း သူ့ကို စပါးအသင်းဘက်ကနေ စတင် ကမ်းလှမ်းလာခဲ့ချိန်မှာတော့ စပါးဆိုတာ ဘာအသင်းမှန်းတောင် မသိခဲ့ဘူးလို့ ဖွင့်ဟပြောဆိုသွားခဲ့ပါတယ်။

Photo Credit : TEAMtalk

အသက်(၂၁)နှစ်အရွယ်ရှိ အယ်လ်ဘေးနီးယား လက်ရွေးစင် တိုက်စစ်ကစားသမား ဘရိုဟာက သူရဲ့စီနီယာ ကစားသမားဘဝကို စတင်နိုင်ခင်မှာ စပါးနဲ့ ချယ်လ်ဆီးအသင်းတို့ရဲ့အကယ်ဒမီတွေမှာ တတ်ရောက်ခဲ့ဖူးသူဖြစ်ပြီး စပါးအကယ်ဒမီမှာလည်း စပါး ယူ-၈ အသင်းနဲ့ (၂)နှစ် ပူးပေါင်းခဲ့ပါတယ်။ အဲ့ဒီကမှ ချယ်လ်ဆီးအကယ်ဒမီကို ရောက်ရှိလာခဲ့တဲ့ ဘရိုဟာက ဗွီတက်ဆီ ဆောက်သမ်တန်အသင်းတွေမှာ အငှားကစားသမားအဖြစ် ကျင်လည်ခဲ့ရင်း အခု ချယ်လ်ဆီးစီနီယာအသင်းဆီ ပြန်လည် ရောက်ရှိနေပြီး ဒီရာသီမှာ အသင်းအတွက် ပြိုင်ပွဲစုံ (၆)ပွဲ ပါဝင်ထားနိုင်ခဲ့ပါတယ်။

Photo Credit : Football London

ပရီးမီးယားလိဂ် ကလပ်အသင်း တော်တော်များများရဲ့ ပစ်မှတ်ကစားသမား ဖြစ်ခဲ့သူ ဘရိုဟာက နွေဈေးကွက်အတွင်းမှာ အသင်းမပြောင်းရွှေ့ဖြစ်ခဲ့တဲ့အပြင် ချယ်လ်ဆီးနဲ့ပါ ၂၀၂၈ခုနှစ်အထိ သက်တမ်းရှိမယ့် ကာလရှည် စာချုပ်တစ်ခုကိုပါ ထပ်တိုး ချုပ်ဆိုသွားခဲ့ပါတယ်။ ဒီလို ချယ်လ်ဆီးနဲ့ သက်တမ်းတိုးဖြစ်ခဲ့တဲ့ ဘရိုဟာက သူရဲ့ ဂျူနီယာ ကစားသမားဘဝ အမှတ်တရအကြောင်းတွေနဲ့ ပတ်သတ်ပြီး “ကျွန်တော် ပြိုင်ပွဲတစ်ခုကို ဝင်ရောက် ယှဉ်ပြိုင်ခဲ့တာ မှတ်မိပါတယ်။ အဲ့ဒီမှာ တော့တင်ဟမ်ဟော့စပါးရဲ့ ကင်းထောက်တွေက တခြား ကစားသမားတွေကို စောင့်ကြည့်ဖို့ ရောက်လာခဲ့တယ်။ ဒါပေမယ့် အဲ့ဒီပွဲမှာ ကျွန်တော် ကောင်းကောင်း ကစားနိုင်ခဲ့တယ်။ ကျွန်တော်က ပြိုင်ပွဲရဲ့ အကောင်းဆုံးနဲ့ ဂိုးသွင်းအများဆုံး ကစားသမားပါ ဖြစ်ခဲ့တယ်။ အဲ့ဒီအချိန်မှာ ကင်းထောက်က ကျွန်တော် အဲ့ဒီအကြောင်းတွေ မသိလိုက်ခင်မှာပဲ ကျွန်တော့်မိဘတွေကို ချဉ်းကပ်လာခဲ့တယ်။ အဲ့ဒီနောက်မှာတော့ အဖေနဲ့အမေက တော့တင်ဟမ်ကလူ ငါတို့ဆီ ရောက်လာခဲ့တယ်လို့ ပြောပါတယ်။ ဒါပေမယ့် ကျွန်တော်က တော့တင်ဟမ်ဟော့စပါးဆိုတာ ဘယ်သူတွေလဲလို့ပဲ တွေးနေမိတယ်” လို့ ပြောဆိုလိုက်ပါတယ်။ ဘရိုဟာ ဟာ လက်ရှိမှာ ချယ်လ်ဆီးအတွက် (၆)ပွဲအတွင်း လူစားဝင် ကစားသမားတွေအဖြစ် ပါဝင်ခဲ့ရပြီး သွင်းဂိုးတော့ မသွင်းယူနိုင်သေးပါဘူး။