ပြီးခဲ့တဲ့ နွေရာသီ အပြောင်းအရွှေ့စျေးကွက်အတွင်းက ချယ်လ်ဆီးအသင်းကနေ ခရစ္စတယ်ပဲလေ့စ်အသင်းဆီကို တစ်ရာသီ အငှားစာချုပ်နဲ့ ပြောင်းရွှေ့သွားခဲ့တဲ့ ကွင်းလယ်ကစားသမား ကော်နာဂယ်လာဂါက လက်ရှိမှာ ပဲလေ့စ်အသင်းအတွက် အကောင်းဆုံး စွမ်းဆောင်ရည်တွေ ပြသလျက်ရှိနေပြီး ဒီရာသီမှာ ပဲလေ့စ်အတွက် ပရီးမီးယားလိဂ်သွင်းဂိုး (၆)ဂိုးထိတောင် သွင်းယူပေးထားနိုင်တာဖြစ်လို့ လာမယ့် ဇန်နဝါရီလမှာပဲ အသင်းဆီ ပြန်လည်ခေါ်ပေးဖို့ ချယ်လ်ဆီးအသင်းကို အသင်းပရိသတ်တွေကနေ တောင်းဆိုလာကြပါတယ်။

Photo Credit : Marca

အသက်(၂၁)အရွှယ်သာ ရှိသေးတဲ့ အင်္ဂလန်လက်ရွေးစင် ကွင်းလယ်ကစားသမားလေး ဂယ်လာဂါဟာ မနေ့ညက အဲဗာတန်အသင်းကို (၃)ဂိုး (၁)ဂိုးနဲ့ အနိုင်ရရှိခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲစဉ်အတွှင်းမှာ ပဲလေ့စ်အသင်းအတွက် အဖွင့်ဂိုးနဲ့ အပိတ်ဂိုးတွေကို သွင်းယူနိုင်ခဲ့ပြီး ဒီရာသီမှာလည်း ပဲလေ့စ်တိုက်စစ်ကစားသမားတွေဖြစ်တဲ့ ဘန်တီကီ အယူးနဲ့ အက်ဒွါဒိုတို့ထက်ကို ဂယ်လာဂါရဲ့ ဂိုးသွင်းစွမ်းရည်က ပိုမိုမြင့်မားနေပါတယ်။ ဂယ်လာဂါဟာ ဒီရာသီမှာ ပဲလေ့စ်အသင်းအတွက် ပရီးမီးယားလိဂ်ပွဲပေါင်း (၁၅)ပွဲ ပါဝင်ကစားပေးခဲ့ပြီး သွင်းဂိုး(၆)ဂိုးနဲ့ ဂိုးဖန်တီးမှု (၃)ကြိမ် ပြုလုပ်ထားနိုင်တာကြောင့် သူရဲ့ ဂိုးပါဝင်ပတ်သက်မှုက (၉)ဂိုးအထိကို ရှိလာခဲ့ရပါတယ်။

Photo Credit : The Pride of London

ဒီလို စွမ်းဆောင်ရည်ကောင်းတွေ ရှိလို့နေတဲ့ ဂယ်လာဂါကို ပဲလေ့စ်အသင်းကနေ အငှားစာချုပ် ကုန်ဆုံးချိန်မှာ အပြီးသတ် ခေါ်ယူနိုင်ဖို့ ကြိုးပမ်းလာဖွယ် ရှိနေနိုင်ပြီး ချယ်လ်ဆီးအသင်းကလည်း ကွင်းလယ်မှာ ကန်တီ ဂျော်ဂျင်ဟို ကိုဗာဆစ်နဲ့ အခြားကစားသမားတွေလည်း ရှိနေသေးတဲ့ ဂယ်လာဂါကို အသင်းမှာ နေရာပေးဖို့ မလွယ်နိုင်တာကြောင့် အပြီးသတ်ရောင်းချတာ မဟုတ်ရင်တောင် ထပ်မံအငှားချဖို့ ရှိနေတာ ဖြစ်ပါတယ်။ ဒါပေမယ့် ချယ်လ်ဆီးပရိသတ်တွေကတော့ လာမယ့် ဆောင်းစျေးကွက်ထဲမှာပဲ ဂယ်လာဂါကို အသင်းဆီ ပြန်လည်ခေါ်ယူပေးဖို့ ချယ်လ်ဆီးအသင်းဆီကို တောင်းဆိုမှုတွေ ပြုလုပ်လာကြပါတယ်။ “ကော်နာဂယ်လာဂါ ဘယ်လောက်ကောင်းလိုက်လဲ ကစားသမားလဲ။ သူ့ကို ဇန်နဝါရီလမှာပဲ အသင်းဆီ ပြန်ခေါ်ပေးပါ” “ဂယ်လာဂါက ဇန်နဝါရီလမှာပဲ အိမ်ကိုပြန်လာတော့မှာပါ” “ကျေးဇူပြုပြီး လာမယ့်ဇန်နဝါရီလမှာ ဂယ်လာဂါကို အသင်းဆီ ပြန်ခေါ်ဆောင်နိုင်မယ့် အခွင့်အလမ်း တစ်စုံတစ်ရာများ ရှိပါသလား” ဆိုပြီး တောင်းဆိုမှုတွေကို ချယ်လ်ဆီးအသင်းပရိသတ်တွေက လူမှုကွန်ယက် စာမျက်နှာတွေပေါ်မှာ ရေးသား တောင်းဆိုထားကြပါတယ်။ ချယ်လ်ဆီးလူငယ်အသင်းကနေ ပေါ်ထွက်လာခဲ့တဲ့ ဂယ်လာဂါဟာ ချယ်လ်ဆီးစီနီယာအသင်းအတွက် တစ်ပွဲမှကို ပါဝင်ရသေးခြင်းမရှိပဲ ချာတန် ဆွမ်ဆီး ဝက်စ်ဘရွန်းနဲ့ ခရစ္စတယ်ပဲလေ့စ်အသင်းတွေမှာသာ အငှားကစားသမားအဖြစ် ကျင်လည်နေရတာ ဖြစ်ပါတယ်။