မနေ့ညက ကစားသွားခဲ့တဲ့ လန်ဒန်ဒါဘီ အက်အေဖလားဖိုင်နယ်ပွဲစဉ်အတွင်းမှာ ဒဏ်ရာတွေအသီးသီး ရခဲ့ကြလို့ လူစားလဲမှုတွေကို လုပ်ဆောင်ခဲ့ရတဲ့ ချယ်လ်ဆီးအသင်းရဲ့ အသင်းခေါင်းဆောင် နောက်ခံအစွန်လူ အက်စ်ပီလီကွယ်တာနဲ့ အသင်းရဲ့အဓိကတိုက်စစ်ကစားသမား ခရစ္စတီယန်ပူလီဆစ်တို့ နှစ်ယောက်လုံးဟာ လာမယ့်တစ်ပတ် ဘိုင်ယန်မြူးနစ်အသင်းနဲ့ ယှဉ်ပြိုင်ကစားသွားရမယ့် ချန်ပီယံလိဂ် (၁၆)သင်းအဆင့် ရှံးထွက်ဒုတိယအကျော့ပွဲစဉ်ကို သေချာပေါက်လွဲချော်တော့မှာဖြစ်တယ်လို့ သိရှိရပါတယ်။

Photo Credit : The Strait Times

ဒီကစားသမားနှစ်ယောက်လုံးဟာ အာဆင်နယ်နဲ့ကစားခဲ့ရတဲ့ အက်အေဖလားဖိုင်နယ်ပွဲစဉ်မှာ ချယ်လ်ဆီးအသင်းရဲ့ ပွဲထွက်ကစားသမားတွေအဖြစ် ပါဝင်ကစားခဲ့ပြီး ပူလီဆစ်က အသင်းအတွက် အဖွင့်ဂိုးကို သွင်းယူပေးနိုင်ခဲ့သလို အက်စ်ပီလီကွယ်တာမှာလည်း အသင်းခေါင်းဆောင်တစ်ယောက်အနေနဲ့ အသင်းကို မောင်းနှင်ပေးခဲ့ပေမယ့် ကစားသမားနှစ်ယောက်လုံးက ပေါင်အရွှတ်ဒဏ်ရာတွေ ကိုယ်စီရရှိခဲ့ကြလို့ ပွဲကိုဆက်လက်မယှဉ်ပြိုင်နိုင်တော့ပဲ လူစားလဲခဲ့ရပါတယ်။ အက်စ်ပီလီကွယ်တာဆိုရင်လည်း အသင်းအတွက် ဆက်လက်မကစားပေးနိုင်တော့တဲ့အပေါ် အတော်လေးကို ဝမ်းနည်းပက်လက် ဖြစ်ခဲ့ရပါတယ်။

Photo Credit : Evening Standard

ချယ်လ်ဆီးအသင်းလည်း အသင်းရဲ့အရေးကြီးကစားသမားတွေ ဒဏ်ရာရသွားချိန်မှာ အာဆင်နယ်ကို ယှဉ်ကစားဖို့ ခက်ခဲလာခဲ့ရင်းနဲ့ (၂)ဂိုး(၁)နဲ့ အရေးနိမ့်ပြီး ဖလားလက်မဲ့ရာသီ ဖြစ်သွားခဲ့ရပါတယ်။ ချယ်လ်ဆီးအသင်းအနေနဲ့ ချန်ပီယံလိဂ်ပြိုင်ပွဲကို ဒုတိယအကျော့ ဆင်နွဲရဦးမှာဆိုပေမယ့် စတမ်းဖိုဒ့်ဘရစ်ချ်မှာ ကစားခဲ့ရတဲ့ ပထမအကျော့ပွဲမှာတောင် ဘိုင်ယန်ဘက်က သွင်းဂိုး(၃)ဂိုးတောင် သွင်းယူထားနိုင်ခဲ့လို့ ပြိုင်ပွဲကနေ ထွက်ခွာရဖို့ ရာခိုင်နှုန်းပိုများလို့နေပါတယ်။ ဒါ့အပြင် အက်အေဖလားဖိုင်နယ်ပွဲမှာ အသင်းရဲ့အဓိက ကစားသမားတွေဖြစ်တဲ့ ပူလီဆစ် အက်စ်ပီလီကွယ်တာနဲ့ ပတ်ဒရိုတို့ကပါ ဒဏ်ရာတွေ ရရှိခဲ့တာကြောင့် ပါဝင်နိုင်တော့မှာမဟုတ်လို့ အသင်းရဲ့လူအင်အားလည်း နည်းပါးနေနိုင်ပါတယ်။ ချယ်လ်ဆီးအသင်းနည်းပြလမ်းပတ်ကတော့ ကစားသမားနှစ်ယောက်လုံးရဲ့ ဒဏ်ရာအတိမ်အနက်ကို အသေအချာမသိရသေးပေမယ့် လာမယ့်တစ်ပတ်ပွဲစဉ်ကိုတော့ ကစားသမားနှစ်ယောက်လုံး ကစားနိုင်တော့မှာမဟုတ်ဘူးလို့ အင်တာဗျူးတစ်ခုမှာ ဖြေဆိုသွားခဲ့ပါတယ်။ လမ်းပတ်က အက်အေဖလားပွဲမှာ တာဝန်ယူကိုင်တွယ်ခဲ့တဲ့ ကွင်းလယ်ဒိုင်အန်တိုနီတေလာကိုလည်း ကွင်းလယ်လူကိုဗာဆစ်ကို ထုတ်ပယ်ခဲ့တာနဲ့ပတ်သက်ပြီး ဝေဖန်ပြစ်တင်မှုတွေ လုပ်ဆောင်သွားခဲ့ပါတယ်။