ပရီးမီးယားလိဂ် အင်အားကြီးအသင်း တသင်း ဖြစ်တဲ့ ချယ်လ်ဆီးဟာ အသင်းပိုင်ရှင် အပြောင်းအလဲ ဖြစ်ဖို့ နီးစပ်နေကာမှ အသင်းပိုင်ရှင် အေဘရာမိုဗစ်ချ်ရဲ့ အကြွေးတောင်းခံမှုကြောင့် အသင်းအား ရောင်းချမှုကို အပြီးသတ်ဖို့ ခက်ခဲနေပြီး လာမယ့် ဘောလုံးရာသီမှာ ပရီးမီးယားလိဂ်ပြိုင်ပွဲအား ဝင်ရောက် ယှဉ်ပြိုင်ခွင့် ရဖို့ကိုတောင် မလွယ်ကူတော့ကြောင်း အင်္ဂလန် အခြေစိုက် သတင်းဌာနတွေက ဖော်ပြသွားကြပါတယ်။

ရုရှား-ယူကရိန်းစစ်ပွဲကြောင့် ဗြိတိန်အစိုးရက ချယ်လ်ဆီးပိုင်ရှင် အေဘရာမိုဗစ်ချ်ရဲ့ ပိုင်ဆိုင်မှုတွေကို ချိတ်ပိတ်သိမ်းဆည်းခဲ့ရာ ချယ်လ်ဆီးကပါ ကျွန်ဝယ်ရာ အဆစ်ပါ ဆိုသလို ဗြိတိန်အစိုးရရဲ့ ထိန်းချုပ်မှုကို ခံနေရပြီး အသင်းပိုင်ရှင်သစ်သာ မရှာနိုင်ခဲ့ရင် လာမယ့် ဘောလုံးရာသီတွေမှာ အသင်းကို ဆက်လက် လည်ပတ်ဖို့ မလွယ်ကူပါဘူး။

Photo Credit: Daily Mail

ဒါကြောင့်ပဲ ချယ်လ်ဆီးဘုတ်အဖွဲ့က အသင်းရဲ့ ကောင်းကျိုးအတွက် အသင်းကို အေဘရာမိုဗစ်ချ် လက်ထဲကနေ အခြားပိုင်ရှင် တဦးဆီ ရောင်းချဖို့ ဆုံးဖြတ်ခဲ့ပြီး အမေရိကန် ဘီလီယံနာ သန်းကြွယ်သူဌေး တဦး ဖြစ်သူ ဘိုလီက ချယ်လ်ဆီးကို ပေါင် ၃.၅ ဘီလီယံနဲ့ ဝယ်ယူနိုင်ဖို့ နီးစပ်နေပါတယ်။

ဒါပေမယ့် ချယ်လ်ဆီးရဲ့ လက်ရှိ အသင်းပိုင်ရှင်ဖြစ်သူ အေဘရာမိုဗစ်ချ်ဟာ ချယ်လ်ဆီးကို ရောင်းချရာကနေ ရရှိလာတဲ့ ငွေကြေးတွေထဲက တပြားတချပ်ကိုမှ ရရှိဖို့ မရှိပဲ ဗြိတိန်အစိုးရကသာ ပေါင် ၃.၅ ဘီလီယံကို ထိန်းသိမ်းထားဖို့ ရှိနေပါတယ်။

Photo Credit: Daily Mail

ကနဦးမှာ အေဘရာမိုဗစ်ချ်က ချယ်လ်ဆီးကို ရောင်းချရာကနေ ငွေကြေးမယူဖို့ စဉ်းစားခဲ့ပေမယ့် လက်ရှိအချိန်မှာတော့ မိုဗစ်ချ်က ချယ်လ်ဆီးဆီ သူ ထုတ်ပေးခဲ့တဲ့ ငွေကြေး ပေါင် ၁.၆ ဘီလီယံကို ပြန်လည် တောင်းခံနေပြီး မိုဗစ်ချ်ရဲ့ အကြွေးပြန်တောင်းမှုကြောင့် ချယ်လ်ဆီးရဲ့ အသင်းကို ရောင်းချမှုဟာ ရပ်ဆိုင်းသွားခဲ့ကြောင်း နာမည်ကြီး သတင်းဌာန တခု ဖြစ်တဲ့ Times သတင်းဌာနက အခိုင်အမာ ဖော်ပြသွားခဲ့ပါတယ်။

ချယ်လ်ဆီးဟာ လာမယ့် ဘောလုံးရာသီကို ယှဉ်ပြိုင် ကစားနိုင်ဖို့ အတွက် ယခု မေလ ၃၁ရက်နေ့မတိုင်မီ အသင်းကို မဖြစ်မနေ ရောင်းချဖို့ လိုအပ်နေတာကြောင့် မိုဗစ်ချ်ရဲ့ အကြွေးတောင်းခံမှုက အသင်းကို တစ်ပူပေါ် နှစ်ပူဆင့်စေပြီး အကယ်၍ ချယ်လ်ဆီးကသာ ဇွန်လ လလယ်အထိ အသင်းပိုင်ရှင်သစ် မရှာနိုင်ခဲ့ပါက လာမယ့် ဘောလုံးရာသီမှာ အင်္ဂလန် ပရီးမီးယားလိဂ်ပြိုင်ပွဲ၌ ဝင်ရောက် ယှဉ်ပြိုင်ဖို့ မှတ်ပုံတင်နိုင်ဖွယ် မရှိပဲ မှတ်ပုံသာ မတင်နိုင်ခဲ့ရင်တော့ ချယ်လ်ဆီးဟာ ပရီးမီးယားလိဂ်ပြိုင်ပွဲကို ဝင်ရောက် ယှဉ်ပြိုင်ခွင့် ရရှိမှာ မဟုတ်ကြောင်းလည်း အင်္ဂလန် အခြေစိုက် သတင်းဌာနတွေက ဆိုပါတယ်။