ဥရောပ ချန်ပီယံလိဂ် ချန်ပီယံအသင်းဖြစ်တဲ့ ပရီးမီးယားလိဂ် အင်အားကြီးကလပ် ချယ်လ်ဆီးအသင်းဟာ စပိန်လာလီဂါ ထိပ်သီးကလပ် ဘာစီလိုနာအသင်းက အရောင်းစာရင်း တင်ထားတဲ့ ဘော့စနီးယား ဝါရင့် ကွင်းလယ်လူ ပီယာနစ်ကို တရာသီအငှားနဲ့ ခေါ်ယူဖို့ မျက်စိကျနေကြောင်း ပြင်သစ် အခြေစိုက် သတင်းဌာနတွေက ဖော်ပြသွားကြပါတယ်။

အသက် ၃၁နှစ် အရွယ် ဘော့စနီးယား လက်ရွေးစင် ကွင်းလယ်လူ ပီယာနစ်ဟာ ဂျူဗင်တပ်အသင်း ကနေ ဘာစီလိုနာအသင်းထံ ပြီးခဲ့တဲ့ နွေရာသီ အပြောင်းအရွှေ့ကမှ ဘရာဇီးလ် ကွင်းလယ်လူ အာသာနဲ့ အလဲအထပ် ပြုလုပ်ကာ ရောက်ရှိလာသူ ဖြစ်ပြီး အသင်းမှာ တရာသီသာ ကစားရသေးပေမယ့် နည်းပြကိုးမန်းနဲ့ ဆက်ဆံရေး အဆင်မပြေတာကြောင့် အရောင်းစာရင်း တင်ခံထားရသူပါ။

Photo Credit: The Sun

ဘာစီလိုနာအသင်းဟာ အသင်းရဲ့ ဘဏ္ဍာရေး အကြပ်အတည်းကြောင့် လုပ်ခလစာ မြင့်မားတဲ့ ပီယာနစ်ကို ယခုနှစ် နွေဈေးကွက် အတွင်းမှာ အသင်းကနေ ထွက်ခွာဖို့ ဖိအားပေးနေသလို ပီယာနစ်ကလည်း ဘာစီလိုနာ အသင်းကနေ ထွက်ခွာပြီး သူ့အတွက် ပုံမှန်နေရာ ရနိုင်မယ့် ထိပ်တန်းအသင်း တသင်းဆီ ပြောင်းရွှေ့ဖို့ ဆန္ဒ ရှိနေပါတယ်။

လက်ရှိမှာတော့ ပီယာနစ်ကို ခေါ်ယူဖို့ သူ့ရဲ့ အသင်းဟောင်း ဂျူဗင်တပ်အသင်း ၊ ပြင်သစ် အင်အားကြီးကလပ် ပီအက်စ်ဂျီအသင်းတို့နဲ့ အပြိုင် ချယ်လ်ဆီးအသင်းကလည်း စိတ်ဝင်စားနေကြောင်း ပြင်သစ် အခြေစိုက် နာမည်ကြီး သတင်းဌာန တခု ဖြစ်တဲ့ Le 10 Sport သတင်းဌာနက ဖော်ပြသွားပါတယ်။

Photo Credit: The Sun

ချယ်လ်ဆီးအသင်းရဲ့ နည်းပြဖြစ်သူ တူချယ်ဟာ ပီအက်စ်ဂျီအသင်းမှာ ရှိနေစဉ်ကတည်းက ပီယာနစ်ကို ခေါ်ယူဖို့ ကြိုးစားဖူးသူ ဖြစ်ပြီး ပီယာနစ်ရဲ့ အလွတ် တည်ကန်ဘော ကန်သွင်းမှုတွေ ၊ ရိုးရှင်းပြီး ထိရောက်တဲ့ ပေးပို့မှုတွေဟာ တူချယ်ရဲ့ စိတ်ကြိုက် အရည်အချင်းတွေ ဖြစ်ကြောင်း ပီအက်စ်ဂျီအသင်းမှာ တူချယ်နဲ့ လက်တွဲ လုပ်ကိုင်ဖူးတဲ့ ကင်းထောက်တဦးက ပြောကြားထားပါတယ်။

ချယ်လ်ဆီးအသင်းဟာ တူချယ်ရဲ့ တောင်းဆိုမှုကြောင့် ပီယာနစ်ကို အသင်းထံ ခေါ်ယူဖို့ မျက်စိကျနေပေမယ့် အသက် ၃၁နှစ် အရွယ် ကစားသမား တဦးကို ပြောင်းရွှေ့ကြေး ပေးချေပြီး မခေါ်ယူချင်တာကြောင့် တရာသီ အငှားနဲ့သာ ကမ်းလှမ်းဖွယ် ရှိနေပြီး ဘာစီလိုနာအသင်း ကတော့ ချယ်လ်ဆီးအသင်းကသာ ပီယာနစ်ရဲ့ လုပ်ခလစာ အကုန်လုံးကို တာဝန်ယူ ပေးချေမယ် ဆိုရင် ပီယာနစ်ကို အငှားနဲ့ စေလွှတ်ဖွယ် ရှိနေပါတယ်။