MySport Myanmar

အိုဆီမန်အပြင် ခွာဗရက်စခီလီယာကိုပါ ခေါ်ယူဖို့ အစီအစဉ် ဆွဲနေတဲ့ ချယ်လ်ဆီး

ပရီးမီးယားလိဂ် နာမည်ကြီးကလပ် ချယ်လ်ဆီးက သူတို့အသင်းရဲ့ တိုက်စစ်ပိုင်း အတွက် အားဖြည့်မှု တရပ် အဖြစ် အီတလီ စီးရီးအေ အင်အားကြီးကလပ် နာပိုလီရဲ့ တိုက်စစ်အတွဲ ဖြစ်တဲ့ အိုဆီမန်နဲ့ ခွာဗရက်စခီလီယာတို့ကို တပြိုင်ထဲ ခေါ်ယူဖို့ စီစဉ်နေကြောင်း နာမည်ကြီး သတင်းဌာန တခု ဖြစ်တဲ့ ESPNက အခိုင်အမာ ဖော်ပြလာပါတယ်။

ချယ်လ်ဆီးက တိုက်စစ်ပိုင်းမှာ အန်ကွန်ကူ ၊ နီကိုလပ်စ် ဂျက်ဆန် ၊ စတာလင်း ၊ ဘရော်ဂျာ ၊ မူဒရစ်ခ် ၊ မာဒူအက်ခီ ၊ ပါလ်မာ စတဲ့ ကစားသမားတွေကို ပိုင်ဆိုင်ထားပေမယ့် ဘရော်ဂျာ ၊ မူဒရစ်ခ်နဲ့ မာဒူအက်ခီတို့က အားကိုးလို့ ရတဲ့ အနေအထားမှာ မရှိသေးပါဘူး။

Photo Credit: Football 365

ဒါကြောင့်ပဲ ချယ်လ်ဆီးရဲ့ တာဝန်ရှိသူတွေက လာမယ့် ဆောင်းဈေးကွက်နဲ့ နွေဈေးကွက်တွေမှာ နာမည်ကြီး တိုက်စစ်ကစားသမားတွေကို ခေါ်ယူဖို့ ဆုံးဖြတ်ထားပြီး ချယ်လ်ဆီးရဲ့ ပစ်မှတ်စာရင်းထဲမှာ နာပိုလီကြယ်ပွင့် အိုဆီမန်နဲ့ ခွာဗရက်စခီလီယာတို့ ပါဝင်နေပါတယ်။

အိုဆီမန်နဲ့ ခွာဗရက်စခီလီယာ တိုက်စစ်အတွဲက နာပိုလီကို ပြီးခဲ့တဲ့နှစ်မှာ နှစ်ပေါင်းများစွာ ဝေးကွာနေတဲ့ အီတလီ စီးရီးအေ ချန်ပီယံ ပြန်ဖြစ်အောင် ကူညီပေးခဲ့တဲ့ အတွဲ ဖြစ်ပြီး နှစ်ဦးစလုံးက လာမယ့် အပြောင်းအရွှေ့ ဈေးကွက်တွေမှာ အသင်းပြောင်းဖို့ စဉ်းစားနေကြပါတယ်။

Photo Credit: Team Talk

နာမည်ကြီး သတင်းဌာန တခု ဖြစ်တဲ့ ESPNရဲ့ ဖော်ပြချက်အရ ချယ်လ်ဆီးက အိုဆီမန်ကို ခေါ်ယူဖို့ အစီအစဉ် ဆွဲနေသလို သူတို့ရဲ့ပြိုင်ဘက်တွေ ဖြစ်ကြတဲ့ မန်ချက်စတာ ယူနိုက်တက် ၊ လီဗာပူး စတဲ့ အသင်းတွေနဲ့အပြိုင် ခွာဗရက်စခီလီယာကိုပါ ခေါ်ယူဖို့ စိတ်ဝင်စားနေပြီး ချယ်လ်ဆီးဟာ အိုဆီမန်နဲ့ ခွာဗရက်စခီလီယာတို့ နှစ်ဦးစလုံးကို တပြိုင်နက်ထဲ ခေါ်ယူဖွယ် ရှိနေကြောင်း သိရပါတယ်။

နာပိုလီကတော့ သူတို့ရဲ့ အဓိက တိုက်စစ် ကစားသမားတွေ ဖြစ်တဲ့ အိုဆီမန်နဲ့ ခွာဗရက်စခီလီယာတို့ကို တပြိုင်ထဲ ရောင်းချဖို့ စိတ်ကူးမရှိသေးပေမယ့် အကယ်၍ ချယ်လ်ဆီးကသာ အဆိုပါ ကစားသမား ၂ဦး အတွက် ယူရို ၁၅၀သန်းအထက် ကမ်းလှမ်းမှု တရပ် လုပ်လာခဲ့ရင် ကစားသမား ၂ဦးစလုံးကို ရောင်းချဖို့ စဉ်းစားနိုင်ကြောင်း အပြောင်းအရွှေ့ ကျွမ်းကျင်သူတွေက သုံးသပ်ထားကြပါတယ်။

Exit mobile version