လက်ရှိ ချန်ပီယံလိဂ် ချန်ပီယံ ချယ်လ်ဆီးအသင်းဟာ အီတလီ စီးရီးအေ အင်အားကြီးကလပ် ဂျူဗင်တပ်အသင်းနဲ့ အနာဂတ် မရေမရာ ဖြစ်နေတဲ့ နယ်သာလန် နောက်ခံလူ ဒီလစ်ကို ခေါ်ယူဖို့ မျက်စိကျနေကြောင်း နာမည်ကြီး ဗြိတိန်အခြေစိုက် သတင်းဌာနတွေက ဖော်ပြသွားကြပါတယ်။

ယခုအချိန်မှာ ပရီးမီးယားလိဂ်ရဲ့ ခြေစွမ်းအကောင်းဆုံးနဲ့ ရင်ဆိုင်ရ အခက်ခဲဆုံး အသင်းတသင်း အဖြစ် သတ်မှတ်ခံထားရတဲ့ ချယ်လ်ဆီးအသင်းဟာ သူတို့အသင်းရဲ့ အောင်မြင်မှုတွေကို ဆက်လက် ထိန်းသိမ်းနိုင်ဖို့ အသက်အရွယ် ရလာတဲ့ အသင်းရဲ့ ဝါရင့် ခံစစ်မှူး သီယာဂို ဆေးလ်ဗားရဲ့နေရာကို အစားဝင်နိုင်မယ့် ထိပ်တန်း ခံစစ်မှူးတဦးကို ခေါ်ယူဖို့ စီစဉ်နေတာပါ။

Photo Credit: Football London

အသက် ၂၂နှစ် အရွယ်သာ ရှိသေးတဲ့ နယ်သာလန် လက်ရွေးစင် ခံစစ်မှူး ဒီလစ်ဟာ လက်ရှိ ဥရောပရဲ့ အကောင်းဆုံး ဗဟိုခံစစ်မှူးတွေထဲက တဦး ဖြစ်ပြီး ဂျူဗင်တပ်အသင်းနဲ့ စာချုပ်သက်တမ်း ၃နှစ် အထိ ကျန်ရှိနေသေးပေမယ့် လာမယ့် နွေရာသီ အပြောင်းအရွှေ့မှာ အသင်းကနေ ထွက်ခွာဖို့ စဉ်းစားနေသူပါ။

ဒီလစ်ဟာ သူ့ရဲ့ ကစားသမားဘဝမှာ အမြင့်မားဆုံး အောင်မြင်မှုတွေ ရယူနိုင်ဖို့ ဂျူဗင်တပ်အသင်းဆီ ပြောင်းရွှေ့လာတာ ဖြစ်ပြီး လက်ရှိ ဂျူဗင်တပ်အသင်းရဲ့ ရုန်းကန်နေရတဲ့ အခြေအနေတွေကြောင့် အသင်းကို စွန့်ခွာဖို့ စဉ်းစားနေတာ ဖြစ်ကာ သူ့ရဲ့ အေးဂျင့်ဖြစ်သူ ရိုင်းအိုလာကလည်း ဒီလစ် တယောက် တူရင်မြေမှာ ဆက်ရှိနေဖို့ မသေချာကြောင်း ပြီးခဲ့တဲ့ ရက်ပိုင်းကပဲ အတည်ပြုထားပါတယ်။

Photo Credit: Football London

နာမည်ကျော် သတင်းဌာန တခု ဖြစ်တဲ့ Mirror သတင်းဌာနရဲ့ ဖော်ပြချက်အရ ချယ်လ်ဆီးအသင်းဟာ လာမယ့် နွေရာသီ အပြောင်းအရွှေ့မှာ ထိပ်တန်း ခံစစ်မှူးတဦးကို ခေါ်ယူဖို့ စီစဉ်ထားရာ ဒီလစ်ကို သူတို့အသင်းရဲ့ နံပါတ်တစ်ပစ်မှတ် အဖြစ် သတ်မှတ်ထားပြီး ဒီလစ် အတွက် ပြောင်းရွှေ့ကြေး ယူရို ၁၁၀သန်း ဝန်းကျင် အထိ သုံးစွဲဖို့ အသင့်ရှိနေကြောင်းနဲ့ ဒီလစ်ရဲ့ အပြောင်းအရွှေ့ အတွက် ရိုင်းအိုလာဆီ ဆက်သွယ်မှုတွေ ပြုလုပ်ခဲ့ကြောင်း သိရပါတယ်။

ဂျူဗင်တပ်အသင်း ကတော့ ဘဏ္ဍာရေး အကြပ်အတည်းတွေနဲ့ ကြုံတွေ့နေရတာကြောင့် ဒီလစ်ကို ခေါ်ယူစဉ်က သူတို့အသင်း ပေးချေခဲ့ရတဲ့ ပြောင်းရွှေ့ကြေး ယူရို ၈၅သန်းထက် ပိုမိုတဲ့ ပြောင်းရွှေ့ကြေး တရပ်ကို ရပါက ဒီလစ်ကို ရောင်းချဖို့ စဉ်းစားနိုင်ကြောင်း ဂျူဗင်တပ်အသင်းနဲ့ နီးစပ်သူတွေကလည်း ဆိုထားကြပါတယ်။