အင်တာမီလန်အသင်းရဲ့ ခရိုအေးရှား ဝါရင့် wing-back ကစားသမားကြီး အိုင်ဗန်ပါရီဆစ်ဟာ ရာသီအကုန်မှာ အင်တာနဲ့ စာချုပ်သက်တမ်း ကုန်ဆုံးတော့မှာဖြစ်ပြီး အသင်းနဲ့လည်း သက်တမ်းတိုးဖွယ် မရှိတော့လို့ လာမယ့်နွေမှာ ချယ်လ်ဆီးအသင်းဆီကိုသာ အလွတ်ပြောင်းရွေ့ကြေးနဲ့ အံ့အားသင့်ဖွယ် ပြောင်းရွေ့သွားဖို့ ရှိနေတယ်လို့ သိရပါတယ်။

အသက်(၃၃)နှစ်အရွယ်ရှိ ခရိုအေးရှား လက်ရွေးစင် တောင်ပံကစားသမား ပါရီဆစ်ဟာ ၂၀၁၅ခုနှစ်ကတည်းက အင်တာမီလန်အသင်းဆီကို ရောက်ရှိနေခဲ့တာဖြစ်ပြီး ဒီရာသီအကုန်မှာတော့ အင်တာနဲ့ ပါရီဆစ်တို့ကြား စာချုပ်သက်တမ်း ကုန်ဆုံးရတော့မှာ ဖြစ်ပါတယ်။ အသက်(၃၃)နှစ်အရွယ်ကို ရောက်ရှိနေပြီ ဖြစ်ပေမယ့်လည်း ပါရီဆစ်ဟာ သူရဲ့ခြေစွမ်းပိုင်းတွေ မကျဆင်းသွားအောင် ထိန်းသိမ်းထားနိုင်ခဲ့ပြီး အခုနှစ် ဘောလုံးရာသီအတွင်း အင်တာအသင်းအတွက် (၄၇)ပွဲအထိ ပါဝင်ကစားထားခဲ့ကာ သွင်းဂိုး(၉)ဂိုးလည်း သွင်းယူထားနိုင်ခဲ့သလို အသင်းရဲ့ အရေးပါတဲ့ ကစားသမားအဖြစ်နဲ့ပါ တောက်လျှောက် ကစားနေရပါတယ်။

ဒါပေမယ့် ပါရီဆစ်ဟာ အင်တာနဲ့ စာချုပ်သက်တမ်း ထပ်တိုးချုပ်ဆိုဖွယ် မရှိတော့တာကြောင့် အခုလို ဘောလုံးရာသီ ကုန်ဆုံးခါနီးမှာ သူရဲ့အနာဂတ်အတွက် အသင်းသစ် တစ်သင်းကို ရွေးချယ်ရတော့မှာ ဖြစ်ပါတယ်။ ဒီလို အခြေအနေ ရှိနေရတဲ့ ပါရီဆစ်ဟာ အခုရက်ပိုင်းအတွင်းမှာပဲ ချယ်လ်ဆီးအသင်းနဲ့ အပြောင်းအရွှေ့သတင်းတွေ အံ့အားသင့်ဖွယ် ထွက်ပေါ်လာခဲ့ပြီး ချယ်လ်ဆီးနဲ့ ပါရီဆစ်တို့ကြားမှာ ပုဂ္ဂိုလ်ရေးဆိုင်ရာ သဘောတူညီမှု ရယူနိုင်ခဲ့ပြီ ဖြစ်တယ်လို့ သတင်းမီဒီယာကတွေကနေ ဖော်ပြလာခဲ့ပါတယ်။ အီတလီမီဒီယာတွေရဲ့ ဖော်ပြချက်အရ ခရိုအေးရှား ကစားသမားကြီး ပါရီဆစ်က လာမယ့်နွေမှာ ချယ်လ်ဆီးအသင်းဆီ ပြောင်းရွှေ့ခွင့်ရဖို့ မျှော်လင့်နေပြီး စစ်ဆေးမှုတွေ စာချုပ်စာတမ်း ကိစ္စတွေကိုတော့ ဒီနှစ်ရာသီ ပြီးဆုံးချိန်မှသာ တဖြည်းဖြည်းချင်း လုပ်ဆောင်သွားဖွယ် ရှိနေပါတယ်။ ချယ််လ်ဆီးအသင်းဟာ နွေစျေးကွက်ထဲမှာ အသင်းရဲ့ ဘယ်နောက်ခံလူ မားကို့စ်အလွန်ဆိုကို လက်လွတ်ရဖို့ နီးစပ်နေတဲ့အတွက် သူ့နေရာမှာ wing-back ကစားသမား ပါရီဆစ်နဲ့ အစားထိုးသွားချင်နေသလို ဘယ်ခြမ်းမှာ ဘင်ချီဝဲလ်နဲ့ ပါရီဆစ်တို့နှစ်ဦးကို ထားရှိနေချင်တာ ဖြစ်ပါတယ်။