ချယ်လ်ဆီးနဲ့ အင်တာမီလန်အသင်းတို့ရဲ့ အီတလီနည်းပြဟောင်းတစ်ယောက်ဖြစ်တဲ့ အန်တိုနီယိုကွန်တီက သူနဲ့ အင်တာမီလန်အသင်းမှာ လက်တွဲခဲ့ဖူးတဲ့ ဘယ်လ်ဂျီယံ တိုက်စစ်ကစားသမား လူကာကူနဲ့ပတ်သက်ပြီး လူကာကူရဲ့ လက်ရှိကလပ်အသင်းဖြစ်တဲ့ ချယ်လ်ဆီးအသင်းအနေနဲ့ ဒီကစားသမားကို ဘယ်လို အသုံးပြုသွားရမှန်းမသိ ဖြစ်လို့နေကြောင်းနဲ့ ဒါကို အဖြေရှာနိုင်ခဲ့ပြီဆိုရင်တော့ ကြီးမားတဲ့ အောင်မြင်မှုတွေ ရယူလာနိုင်မှာဖြစ်ကြောင်း ထောက်ပြပြောဆိုသွားခဲ့ပါတယ်။

Photo Credit : Goal

ချယ်လ်ဆီးအသင်းဟာ အသင်းရဲ့ တိုက်စစ်ကစားသမားဟောင်း လူကာကူကို ဒီနှစ်နွေစျေးကွက်အတွင်းမှာပဲ အင်တာမီလန်ကနေ ပြန်လည်ခေါ်ယူထားခဲ့တာဖြစ်ပြီး လူကာကူကလည်း သူရဲ့ပွဲဦးထွက် လန်ဒန်ဒါဘီပွဲမှာပဲ ပွဲဦးထွက်သွင်းဂိုးကို သွင်းယူခဲ့ကာ ခြေစွမ်းပြသနိုင်ခဲ့ပေမယ့် နောက်ဆုံးကစားထားခဲ့တဲ့ (၃)ပွဲဆက်တိုက် ဂိုးပေါက်ပျောက်ဆုံးလျက် ရှိနေသလို ချယ်လ်ဆီးအသင်းကပါ နောက်ဆုံးကစားခဲ့တဲ့ (၂)ပွဲလုံးကို သွင်းဂိုးမဲ့ ရှုံးပွဲတွေနဲ့ ရင်ဆိုင်ထားရပါတယ်။ လတ်တလောမှာ ဂိုးပေါက်ပြန်လည်ပျောက်နေတဲ့ လူကာကူနဲ့ပတ်သက်ပြီး သူရဲ့ဆရာဟောင်းဖြစ်သူ ကွန်တီကတော့ ချယ်လ်ဆီးအနေနဲ့ လူကာကူကို ဘယ်လိုအသုံးပြုရမှန်း မသိရှိသေးဘူးလို့ မှတ်ချက်ပြု ပြောဆိုခဲ့ပြီး ဒီပြသာနာကို အဖြေရှာနိုင်ခဲ့မယ်ဆိုရင် အသင်းအတွက် အတော်လေး အကျိုးရှိမယ်လို့ ထောက်ပြပြောဆိုသွားပါတယ်။

Photo Credit : EveryEvery NG

လူကာကူနဲ့ပတ်သက်ပြီး ကွန်တီက “လူကာကူအနေနဲ့ ဒီထက်မက ပိုမိုကောင်းမွန်လာနိုင်ဦးမယ်လို့ ကျွန်တော်ထင်မိပါတယ်။ သူက ထိပ်တန်းအဆင့်တစ်ခုမှာ ရှိနေတယ်ဆိုတာကို သက်သေပြခဲ့ပြီးပါပြီ။ ဒါပေမယ့် ဒီကစားသမားက ကစားသမားဘဝကနေ အနားယူသွားမယ့် အချိန်အထိ ဆက်လက်တိုးတတ်ဖို့ လိုအပ်နေဦးမယ့် ပုံစံမျိုးပါ။ ပွဲကစားနေချိန်အတွင်းမှာ လူကာကူဘက််ကနေ ပြန်လည်ပြင်ဆင်ရမယ့် အခိုက်အတန့်လေးတွေလည်း ရှိကိုရှိနေပါသေးတယ်။ ဒါပေမယ့် လူကာကူဆိုတာက ပြိုင်ဘက်အသင်းတိုင်းအတွက် ယှဉ်ကစားဖို့ ခဲယဉ်းလှတဲ့ ကစားသမားမျိုးဖြစ်ပြီး ဘယ်လိုခံစစ်မျိုးကိုမဆို ကောင်းကောင်းဖျက်ဆီးနိုင်စွမ်း ရှိတဲ့သူပါ။ ဒီလို အထောင်တိုက်စစ်ကစားသမားမျိုးကို ပို်င်ဆိုင်ထားနေပြီဆိုရင် အကောင်းဆုံး အသုံးချတတ်ဖို့တော့ လိုလိမ့်မယ်။ အခုတော့ သူတို့ လူကာကူကို အသုံးမချနိုင်သေးဘူးလို့ပဲ ကျွန်တော် ထင်မိတယ်။ တကယ်လို့များသာ ချယ်လ်ဆီးအသင်းအနေနဲ့ လူကာကူကို ဘယ်လိုအသုံးချရမလဲဆိုတာ အဖြေရှာတွေ့ခဲ့မယ်ဆိုရင် ဒီနှစ်ဘောလုံးရာသီမှာပါ ဥရောပ ချန်ပီယံလိဂ်ဖလားကိုတောင် ရယူနိုင်ပါလိမ့်မယ်” လို့ ထောက်ပြပြောဆိုသွားခဲ့ပါတယ်။