MySport Myanmar

ရန်းနက်စ် လူငယ်ကြယ်ပွင့် အူဂိုချူကူကို ခေါ်ယူဖို့ တရားဝင် ဆွေးနွေးနေတဲ့ ချယ်လ်ဆီး

ပရီးမီးယားလိဂ် နာမည်ကြီးကလပ် ချယ်လ်ဆီးက ပြင်သစ် လီဂူးဝမ်းကလပ် ရန်းနက်စ်ရဲ့ လူငယ်ကြယ်ပွင့် ဖြစ်သူ အူဂိုချူကူကို ခေါ်ယူရန် အသင်းနဲ့ရော ၊ ကစားသမားနဲ့ပါ တရားဝင် ဆွေးနွေးမှုတွေ လုပ်ဆောင်နေကြောင်း နာမည်ကြီး သတင်းထောက် ဖာဘရီဇီယို ရိုမာနိုက အခိုင်အမာ ဖော်ပြလာခဲ့ပါတယ်။

အမေရိကန် ဘီလီယံနာ တော့ပ် ဘိုလေက ပြီးခဲ့တဲ့ ဘောလုံးရာသီမှာ ချယ်လ်ဆီးကို ပိုင်ဆိုင်ခွင့် ရပြီးနောက် ကမ္ဘာတလွှားမှာ ရှိတဲ့ လူငယ်ကြယ်ပွင့်တွေကို လိုက်လံ ခေါ်ယူ စုဆောင်းမယ့် လူငယ်စီမံကိန်း တခုကို အသက်သွင်းဖို့ ဆုံးဖြတ်ချက် ချမှတ်ခဲ့ပါတယ်။

Photo Credit: Talksports

တော့ပ် ဘိုလေရဲ့ လမ်းညွှန်မှုကြောင့် ချယ်လ်ဆီးရဲ့ အပြောင်းအရွှေ့ တာဝန်ခံတွေက ပြီးခဲ့တဲ့ အပြောင်းအရွှေ့ရာသီ ၂ခုမှာ လူငယ်ကြယ်ပွင့် များစွာကို ခေါ်ယူခဲ့သလို ယခု နွေဈေးကွက် အတွင်းမှာလည်း အန်ဂျယ်လို ၊ မိုရီယေး စတဲ့ လူငယ်ကြယ်ပွင့်တွေကို ခေါ်ယူထားနိုင်ပါတယ်။

နာမည်ကြီး သတင်းထောက် ဖြစ်သူ ဖာဘရီဇီယို ရိုမာနိုရဲ့ ဖော်ပြချက်အရ ချယ်လ်ဆီးက ရန်းနက်စ်ရဲ့ လူငယ်ကြယ်ပွင့် အူဂိုချူကူကို ခေါ်ယူဖို့ ယနေ့ညနေပိုင်းမှာ ရန်းနက်စ်နဲ့ တရားဝင် ဆွေးနွေးမှုတွေ စတင် ပြုလုပ်နေပြီး ချယ်လ်ဆီးက အူဂိုချူကူကို လျင်လျင်မြန်မြန် ခေါ်ယူနိုင်လိမ့်မယ်လို့ တွက်ဆထားကြောင်း သိရပါတယ်။

Photo Credit: Goal

အသက် ၁၉နှစ် အရွယ်သာ ရှိသေးတဲ့ ပြင်သစ် ယူ-၁၉ လက်ရွေးစင် အူဂိုချူကူက ကွင်းလယ်ခံစစ်နဲ့ ဗဟိုကွင်းလယ် နေရာတွေမှာ ကစားနိုင်စွမ်းရှိသူ ဖြစ်ပြီး သူက ရန်းနက်စ်အတွက် ပြိုင်ပွဲစုံမှာ ၆၀ပွဲ အထိ ပါဝင် ကစားပေးထားနိုင်သူပါ။

ရန်းနက်စ်က သူတို့အသင်းရဲ့ လူငယ်ကြယ်ပွင့် အူဂိုချူကူအတွက် ပြောင်းရွှေ့ကြေး ယူရို ၂၀သန်း ဝန်းကျင် တောင်းဆိုဖွယ် ရှိနေပြီး ချယ်လ်ဆီးကတော့ အူဂိုချူကူကို ပြောင်းရွှေ့ကြေး ယူရို ၁၅သန်း + ရန်းနက်စ်ထံ တရာသီ အငှားပြန်ချမယ် ဆိုတဲ့ ကမ်းလှမ်းမှုမျိုး လုပ်ဆောင်ဖွယ် ရှိပါတယ်။

Exit mobile version