ပရီးမီးယားလိဂ် အင်အားကြီးကလပ် ချယ်လ်ဆီးကတော့ သူတို့အသင်းရဲ့ ခံစစ်ကြောင်းကို ဖာထေးနိုင်ဖို့ ထိပ်တန်း ဗဟိုခံစစ်မှူး တဦးကို ခေါ်ယူဖို့ စီစဉ်ထားရာ နာပိုလီ ခံစစ်မှူး ကူလီဘလီကို ခေါ်ယူဖို့ အတွက် ကူလီဘလီရဲ့ အေးဂျင့်နဲ့ တရားဝင် ဆွေးနွေးမှုတွေ ပြုလုပ်နေကြောင်း အီတလီ အခြေစိုက် သတင်းဌာနတွေက အခိုင်အမာ ဖော်ပြသွားကြပါတယ်။

ချယ်လ်ဆီးက ယခုနှစ် နွေဈေးကွက် အတွင်းမှာ အသင်းရဲ့ အဓိက ခံစစ်မှူး နှစ်ဦး ဖြစ်တဲ့ ခရစ်တန်ဆန်နဲ့ ရူဒီဂါတို့ကို လက်လွှတ်ထားရတာကြောင့် ယခု နွေဈေးကွက် အတွင်းမှာ ထိပ်တန်း ဗဟိုခံစစ်မှူး နှစ်ဦးကို ခေါ်ယူဖို့ ဆုံးဖြတ်ထားပြီး လက်ရှိမှာတော့ အသင်းရဲ့ ကစားသမားဟောင်း တဦး ဖြစ်သူ နသန် အကီကို ခေါ်ယူနိုင်ဖို့ နီးစပ်နေပါတယ်။

Photo Credit: Goal

ဒါကြောင့် ချယ်လ်ဆီးက နောက်ထပ် ခံစစ်မှူး တဦးကိုသာ ခေါ်ယူဖို့ လိုအပ်တော့ပြီး ချယ်လ်ဆီးရဲ့ နည်းပြဖြစ်သူ တူဟယ်လ်က ဂျူဗင်တပ် ခံစစ်မှူး ဒီလစ်ကို နံပါတ်တစ် ပစ်မှတ် အဖြစ် သတ်မှတ်ကာ ကြိုးပမ်းနေပေမယ့် ဒီလစ်ကတော့ ဘွန်ဒက်လီဂါ ထိပ်သီးကလပ် ဘိုင်ယန်မြူးနစ်ဆီ ပြောင်းရွှေ့ဖို့ ဆုံးဖြတ်ထားတာကြောင့် ချယ်လ်ဆီးဟာ သူတို့ရဲ့ ကာလရှည် ပစ်မှတ် ကစားသမား တဦး ဖြစ်သူ ကူလီဘလီကို ခေါ်ယူဖို့ ပြောင်းလဲ ကြိုးပမ်းနေတာပါ။

အသက် ၃၁နှစ် အရွယ် ဆီနီဂေါ လက်ရွေးစင် ဗဟိုခံစစ်မှူး ကူလီဘလီက လက်ရှိ အီတလီ စီးရီးအေရဲ့ အကောင်းဆုံး ဗဟိုခံစစ်မှူး တဦး ဖြစ်ပြီး အသက်အရွယ် ရလာတာကြောင့် ကူလီဘလီက နာပိုလီကနေ ထွက်ခွာကာ ထိပ်တန်းအသင်းကြီး တသင်းဆီ ပြောင်းရွှေ့ဖို့ စိတ်ဆန္ဒ ပြင်းပျနေသူပါ။

Photo Credit: Goal

နာမည်ကြီး အီတလီ သတင်းထောက် ဒီမာဇီယိုရဲ့ ဖော်ပြချက်အရ ချယ်လ်ဆီးက ဒီလစ်ကို ခေါ်ယူနိုင်ဖို့ မလွယ်ကူတော့ချိန်မှာ ကူလီဘလီကို ခေါ်ယူနိုင်ဖို့ သူ့ရဲ့ အေးဂျင့်ဖြစ်သူနဲ့ တွေ့ဆုံကာ ဆွေးနွေးမှုတွေ ပြုလုပ်ထားပြီး ကူလီဘလီကလည်း ချယ်လ်ဆီးဆီ ပြောင်းရွှေ့ဖို့ လမ်းဖွင့်ထားကြောင်း သိရပါတယ်။

နာပိုလီကတော့ သူတို့အသင်းရဲ့ အဓိက ခံစစ်မှူး ကူလီဘလီကို လက်မလွှတ်ချင်ပေမယ့် ကူလီဘလီက အသင်းပြောင်းခွင့် ပေးဖို့ အတင်းအကျပ် တောင်းဆိုဖွယ် ရှိတာကြောင့် နာပိုလီဟာ ကူလီဘလီ အတွက် ပြောင်းရွှေ့ကြေး ယူရို ၄၀သန်း ဝန်းကျင် ရရှိရင် ကူလီဘလီကို ရောင်းထုတ်နိုင်ပါတယ်။