MySport Myanmar

ပရီးမီးယားလိဂ်မှာ အံ့ဝင်နိုင်ဖို့ သံသယရှိနေရခြင်းကြောင့် ဟာလန်းကို မခေါ်ယူခဲ့တဲ့ ချယ်လ်ဆီး

ဥရောပထိပ်တန်း ကလပ်အသင်းကြီးတွေအားလုံး ခေါ်ယူချင်နေကြတဲ့ နော်ဝေတိုက်စစ်မှူးလေး အာလင်းဟာလန်းကို မန်ချက်စတာစီးတီးအသင်းက လက်ဦးမှု ရယူခဲ့ကာ ခေါ်ယူနိုင်ခဲ့ပြီ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ မတ်လလောက်ကတည်းက ဟာလန်းနဲ့ မန်စီးတီးတို့ကြား အပြောင်းအရွှေ့ကိစ္စရပ်နဲ့ သက်ဆိုင်တဲ့ သတင်းတွေ ဆက်တိုက်ထွက်ပေါ်လာခဲ့ရာကနေ မေလဆန်းပိုင်းမှာတော့ အပြောင်းအရွှေ့က အပြီးသတ်သွားနိုင်ခဲ့ပြီး လာမယ့်ရာသီမှာ ဟာလန်းကို မန်စီးတီးဂျာစီနဲ့ မြင်တွေ့ရတော့မှာ ဖြစ်ပါတယ်။

Photo Credit : The New York Times

တကယ်တော့ ဟာလန်းကို မန်စီးတီးအသင်းနဲ့အပြိုင် ရီးယဲလ်မက်ဒရစ် ဘာစီလိုနာနဲ့ ချယ်လ်ဆီးအသင်းတွေကလည်း အပြိုင်စိတ်ဝင်စားခဲ့သလို ချယ်လ်ဆီးအသင်းဆိုရင်လည်း ပြီးခဲ့တဲ့ နွေစျေးကွက်ကတည်းက ဟာလန်းကို ခေါ်ယူချင်ခဲ့တာ ဖြစ်ပေမယ့် တကယ်တမ်းမှာတော့ တိုက်စစ်မှူးဟောင်း လူကာကူကိုသာ ပြန်လည်ခေါ်ယူခဲ့ရပါတယ်။ ချယ်လ်ဆီးက တိုက်စစ်ပိုင်း အားဖြည့်ဖို့အတွက် ဟာလန်းကို ဦးစားပေး ပစ်မှတ်အဖြစ် သတ်မှတ်ထားခဲ့ပေမယ့်လည်း အသင်းကင်းထောက်တွေရဲ့ တင်ပြချက်တွေကြောင့် ဟာလန်းကို ခေါ်ယူဖို့နဲ့ စီးတီးကို မရောက်ခင် ဟာလန်းကို အပြိုင်လုဖို့ကို လက်လျှော့လိုက်ရတာ ဖြစ်တယ်လို့ ESPN သတင်းမီဒီယာကနေ ဖော်ပြလာခဲ့ပါတယ်။

Photo Credit : The Guardian

ဟာလန်းဟာ သူရဲ့ မယုံနိုင်လောက်စရာ ကြမ်းကြမ်းတမ်းတမ်း ပြေးအားတွေ အမြင့်မားဆုံး စွမ်းအားတွေနဲ့ ပြိုင်ဘက်ရဲ့ ခံစစ်တန်းမှာ နေရာလွတ်တွေကို ဖော်ဆောင်နိုင်သလို ဘွန်ဒစ်လီဂါလို ပြိုင်ပွဲမျိုးမှာကလည်း ဒီလိုပုံစံမျိုးတွေနဲ့ မကြာခဏ နေရာလွတ်တွေ ခွင့်ပြုတတ်တာမျိုးဖြစ်လို့ ပရီးမီးယားလိဂ်လို တိုက်စစ်ကစားသမားတွေအတွက် နေရာလွတ် အနည်းငယ်လောက်သာ ရရှိနိုင်မယ့် ပြိုင်ပွဲမျိုးမှာ ဟာလန်းရဲ့ ကစားပုံနဲ့ အံ့ဝင်ခွင်ကျ ဖြစ်နိုင်ပါ့မလားဆိုတာကို ချယ်လ်ဆီးဘက်က အဓိက သံသယရှိခဲ့တာ ဖြစ်ပါတယ်။ ချယ်လ်ဆီးအသင်းအပြင် ဟာလန်းနဲ့ သတင်းအထွက်ဆုံး ဖြစ်ခဲ့ရတဲ့ ဘာစီလိုနာအသင်းကလည်း ဟာလန်းရဲ့ ပင်ကိုယ်စရိုက်လက္ခဏတွေအပေါ် လက်ခံယုံကြည်နိုင်ဖို့ ခဲယဉ်းနေခဲ့ရသလို ရီးယဲလ်မက်ဒရစ်အသင်းကလည်း ဟာလန်းရဲ့ ဒဏ်ရာမှတ်တမ်းတွေနဲ့ ပတ်သက်ပြီး စိုးရိမ်ပူပန်နေတာဖြစ်လို့ စီးတီးနဲ့အပြိုင် မကမ်းလှမ်းခဲ့ကြတာ ဖြစ်တယ်လိူ့ ESPN က ဖော်ပြသွားခဲ့ပါတယ်။ ဒါပေမယ့် မန်စီးတီးအသင်းကတော့ ဟာလန်းကို ပေါင်(၅၁)သန်းနဲ့ အရခေါ်ယူသွားခဲ့ပြီဖြစ်ပြီး လာမယ့် ဇူလိုင်လ(၁)ရက်နေ့မှာပဲ ဟာလန်းကို မန်စီးတီးအသင်းရဲ့ တရားဝင် ကစားသမားတစ်ယောက်အဖြစ် တွေ့မြင်ရတော့မှာ ဖြစ်ပါတယ်။

Exit mobile version