ဒီနှစ်နွေစျေးကွက်အတွင်းမှာ အသင်းအတွက် ကစားသမားသစ် ဖြည့်တင်းမှုတွေကို များစွာလုပ်ဆောင်လျက်ရှိနေတဲ့ အဲဗာတန်အသင်းဟာ အခုလည်း နောက်ထပ်ကစားသမားသစ်တစ်ယောက်ကို ထပ်မံခေါ်ယူသွားဖို့အတွက် ပြင်ဆင်လာခဲ့ပြန်ပြီဖြစ်ပြီး ဒီတစ်ခါတော့ ခံစစ်ပိုင်းကိုအားဖြည့်ဖို့အတွက် ချယ်လ်ဆီးအသင်းရဲ့နောက်ခံကစားသမား ဖီကာယိုတိုမော်ရီကို တစ်ရာသီအငှားစာချုပ်နဲ့ ခေါ်ယူသွားဖို့ ပစ်မှတ်ထားလာခဲ့တာဖြစ်တယ်လို့ သိရှိရပါတယ်။

Photo Credit : We Ain’t Got No History

အသက်(၂၂)နှစ်အရွှယ်ရှိ အင်္ဂလန်နောက်ခံကစားသမား တိုမော်ရီဟာ မနှစ်က ဘောလုံးရာသီကမှ ချယ်လ်ဆီးစီနီယာအသင်းအတွက် စတင်ပွဲထွက်ကစားခဲ့ရတာဖြစ်ပြီး တစ်ရာသီအတွင်း ပြိုင်ပွဲစုံ(၂၂)ပွဲအထိ ပါဝင်ကစားခဲ့ရတယ်ဆိုပေမယ့်လည်း ဖေဖော်ဝါရီလနောက်ပိုင်းကတည်းက အသင်းအတွက် ပွဲထွက်ကစားခွင့်တွေ မရရှိတော့တာကြောင့် အခုစျေးကွက်အတွင်းမှာပဲ အသင်းကနေ အငှားနဲ့ ပြန်လည်ထွက်ခွာချင်နေတာဖြစ်သလို ချယ်လ်ဆီးဘက်ကနေလည်း ဒီကစားသမားလေးကို ကလပ်အသင်းတစ်သင်းဆီမှာ အငှားချသွားချင်နေပါတယ်။

Photo Credit : Goal

တိုမော်ရီကို ခေါ်ယူဖို့အတွက် ပရီးမီးယားလိဂ်ကလပ်အသင်းများစွာအပြင် ရန်းစ်တို့လို လီဂူးအသင်းတွေကပါ စိတ်ဝင်စားလျက်ရှိနေပြီး လေဗာကူဆင်အသင်းဆိုရင်လည်း ကိုင်းလ်ဟားဗက်ဇ်ရဲ့အပြောင်းအရွှေ့မှာ တိုမော်ရီကိုပါ တစိတ်တပိုင်းအဖြစ် ခေါ်ယူဖို့ကြိုးပမ်းခဲ့သေးပေမယ့် မအောင်မြင်နိုင်ခဲ့ပါဘူး။ လက်ရှိမှာတော့ တိုမော်ရီကို ခေါ်ယူသွားဖို့ စိတ်ဝင်စားမှုတွေ ရှိနေတဲ့အသင်းက ဒီရက်ပိုင်းအတွင်းမှာပဲ ကစားသမားသစ်(၃)ယောက်ကို ခေါ်ယူထားခဲ့တဲ့ အဲဗာတန်အသင်းဖြစ်ပါတယ်။ နာပိုလီကွင်းလယ်လူ အယ်လန် ရီးရဲလ်မက်ဒရစ် ကွင်းလယ်တိုက်စစ်ကစားသမား ဂျိမ်းစ်ရိုဒရီဂွက်ဇ်နဲ့ ဝက်ဖိုဒ့်ကွင်းလယ်ခံစစ်ကစားသမား ဒူကိုရီတို့ကို ခေါ်ယူထားခဲ့တဲ့ အဲဗာတန်အသင်းဟာ ခံစစ်ပိုင်းအတွက် တိုမော်ရီကို တစ်ရာသီအငှားစာချုပ်နဲ့ ခေါ်ယူသွားဖို့ စတင်ပစ်မှတ်ထားလာခဲ့တယ်လို့ ဗြိတိန်သတင်းမီဒီယာတွေကနေ ဖော်ပြလာခဲ့ပါတယ်။ ချယ်လ်ဆီးအနေနဲ့ကလည်း အသင်းရဲ့ဗဟိုခံစစ်နေရာမှာ ရူဒီဂါ ဇူးမား ခရစ္စတန်ဆန်တို့အပြင် အသစ်ခေါ်ယူထားခဲ့တဲ့ ဝါရင့်နောက်ခံလူကြီး သီယာဂိုဆေးဗားပါ ရှိနေတဲ့အတွက် နေရာပျောက်ဖို့ သေချာသလောက်ဖြစ်နေတဲ့ တိုမော်ရီကို အငှားသွားဖို့ အစီအစဉ်ရှိလို့နေတဲ့အပြင် တိုက်စစ်မှာ နေရာပျောက်ဖွယ်ရှိနေတဲ့ ဘယ်ဂျီယံတိုက်စစ်ကစားသမား ဘတ်ရှုအာယီကိုလည်း ခရစ္စတယ်ပဲလေ့စ်အသင်းဆီ ထပ်မံအငှားချဖွယ် ရှိနေပါတယ်။