ချဲလ်ဆီးအသင်း နဲ့ ဂျာမနီ လက်ရွေးစင် အသင်းရဲ့ ဗဟို နောက်ခံ ကစးသမား ရူဒီဂါကတော့ ဘယ်လိုပဲ ဖြစ်ဖြစ် လီဗာပူးလ်အသင်းက လက်ရှိရာသီ ပရီးမီးယားလိဂ် ဆုဖလားကို ရရှိမယ် ဆိုတာ သေချာတာကြောင့် လီဗာပူးလ်အသင်းကို ဆုဖလား ပေးသင့်တယ်လို့ ပြောခဲ့ပါတယ်။ လီဗာပူးလ်အသင်းဟာ ကိုရိုနာ ဗိုင်းရပ် ရောဂါကြောင့် ပရီးမီးယားလိဂ် ပြိုင်ပွဲကို မရပ်နားခင် ပရီးမီးယားလိဂ် ပွဲစဉ် (၂၉) ပွဲ ကစားပြီးရာမှာ ရမှတ် (၈၂) မှတ် ရရှိထားပြီး အဆင့် (၂) က မန်စီးတီးအသင်းကို ရမှတ် (၂၅) မှတ် ဖြတ်ထားတာကြောင့် ဆုဖလား ရရှိဖို့ သေချာသလောက် ရှိနေပြီ ဖြစ်ပါတယ်။

Photo Credit: Dailymail

လီဗာပူးလ်အသင်းဟာ ပရီးမီးယားလိဂ် ဆုဖလား ရရှိဖို့အတွက် နောက်ထပ် ရမှတ် (၆) မှတ်ပဲ လိုအပ်တော့တဲ့ အတွက် နောက်ထပ် ပရီးမီးယားလိဂ် ပွဲစဉ် (၂) ပွဲကိုသာ အနိုင်ရရှိမယ်ဆိုရင် ပရီးမီးယားလိဂ် ဆုဖလားကို သမိုင်း တစ်လျှောက် ပထမဆုံး အကြိမ် ရရှိသွားမှာ ဖြစ်ပါတယ်။ ချဲလ်ဆီးအသင်းဟာ ပရီးမီးယားလိဂ် ပွဲစဉ် (၂၉) ပွဲ ကစားပြီးတဲ့ အချိန်မှာ ရမှတ် (၄၈) မှတ်နဲ့ အဆင့် (၄) နေရာမှာ ရပ်တည်နေပြီး ချဲလ်ဆီး နောက်ခံလူ ရူဒီဂါက လက်ရှိရာသီ ပရီးမီးယား လိဂ် ပြိုင်ပွဲကို ရပ်နားပြီး လီဗာပူးလ်အသင်းကို လိဂ် ဖလား ပေးသင့်တယ်လို့ ပြောသွားပါတယ်။

Photo Credit: Dailymail

ZDF သတင်းမှာ ရူဒီဂါက “အမှန်အတိုင်း ပြောရရင် ကျွန်တော် စဉ်းစားမိနိုင်သလောက်ကတော့ လီဗာပူးလ်အသင်းကို ဆုဖလား ပေးဖို့ပါ။ နောက်ဆုံးမှာလည်း လီဗာပူးလ်အသင်းက ဆုဖလားနဲ့ ထိုက်တန်ပါတယ်။ သူတို့ ရာသီကောင်ကိုး ပိုင်ဆိုင်ခဲ့တယ်။ အမှတ်ပေးဇယားကို ဦးဆောင်နေတယ်။ သူတို့ ရမှတ် ဘယ်လောက်ရသလဲ ဆိုတာကိုတော့ ကျွန်တော် မသိတော့ပါဘူး။ သေချာတာက ဘယ်လိုပဲ ဖြစ်ဖြစ် သူတို့ ဆုဖလား ရရှိသွားမှာပါ။ ဒီတော့ ပရီးမီးယားလိဂ် ဆုဖလားက သူတို့ရဲ့ ဆုဖလားပါပဲ။ လက်ရှိရာသီကို အဆုံးသတ်နိုင်ပြီး လူတိုင်းအတွက် ဖျော်ဖြေစရာ ဖြစ်ဖို့ ကျွန်တော် မျှော်လင့်ပါတယ်။ ဒါပေမဲ့ ကျွန်တော် အရင်က ပြောခဲ့သလို တကယ်လို့ ကျွန်တော်တို့အနေနဲ့ ဆက်ကစားမယ်ဆိုရင် အန္တာရယ်ရှိလာနိုင်ပြီး ကမ္ဘာရဲ့ အခြားနေရာမှာ လူတွေ သေနေတာကို လျစ်လျူရှုသလို ဖြစ်သွားပါတယ်။ ဒါက မမှန်ဘူးလို့ ထင်ပါတယ်”လို့ ပြောကြားသွားပါတယ်။