ပရီးမီးယားလိဂ် အင်အားကြီး အသင်းတစ်သင်း ဖြစ်တဲ့ ချယ်လ်ဆီး အသင်း ကတော့ ပြီးခဲ့တဲ့ နွေရာသီ အပြောင်းအရွှေ့မှာ မခေါ်ယူနိုင်ခဲ့တဲ့ ဝက်စ်ဟမ်း အသင်းရဲ့ အင်္ဂလန် လက်ရွေးစင် ကွင်းလယ်ခံစစ် ကစားသမား ဒီကလန်ရိုက်စ်ကို ခေါ်ယူဖို့ လာမယ့် ဇန်နဝါရီ အပြောင်းအရွှေ့မှာ ကျိန်းသေပေါက် ကြိုးစား သွားမှာ ဖြစ်ကြောင်း အင်္ဂလန် အခြေစိုက် သတင်းဌာနတွေက အခိုင်အမာ ဖော်ပြ သွားကြပါတယ်။ ချယ်လ်ဆီးအသင်းဟာ ပြီးခဲ့တဲ့ နွေရာသီ အပြောင်းအရွှေ့ အတွင်းမှာ ပြောင်းရွှေ့ကြေး ပေါင် ၂၀၀သန်း ကျော် အသုံးပြုကာ အသင်းကို အင်အား ဖြည့်တင်းထားပေမယ့် အသင်းရဲ့ နည်းပြဖြစ်သူ လမ်းပတ်ဟာ အသင်းထံကို အရည်အသွေးမြင့် ကွင်းလယ်ခံစစ် ကစားသမား တစ်ဦး ထပ်ပေါင်း ထည့်ချင်နေပြီး ဒီကလန်ရိုက်စ်ဟာ သူတို့အသင်းရဲ့ အဓိက ပစ်မှတ် ကစားသမားပဲ ဖြစ်ပါတယ်။

Photo Credit: Standard

လက်ရှိ ချယ်လ်ဆီးအသင်းမှာ ဂျော်ဂျင်ဟို ၊ ကန်တီ ၊ ကိုဗာစစ် ၊ မေဆန်မောင့် ၊ ဟားဗက် စတဲ့ ကစားသမားတွေ ရှိနေပေမယ့် အဆိုပါ ကစားသမားတွေထဲမှာ ကွင်းလယ်ခံစစ် နေရာကို ကစားနိုင်သူ နှစ်ဦးထဲသာ ရှိနေပြီး အဆိုပါ နှစ်ဦးထဲမှာ ကန်တီဟာ ကွင်းလယ်အဖျက် စစ်စစ် မဟုတ်သလို ဂျော်ဂျင်ဟို ဟာလည်း ကြံ့ခိုင်မှုပိုင်းမှာ အားနည်းတတ်သူပါ။ ဒါ့ကြောင့်ပဲ ချယ်လ်ဆီး အသင်းရဲ့ နည်းပြဖြစ်သူ လမ်းပတ် ဟာ ပရီးမီးယားလိဂ်နဲ့ အံဝင်သလို အသင်းမှာ ကစားချင်ကြောင်း ဝန်ခံထားတဲ့ ဝက်စ်ဟမ်းအသင်းရဲ့ အဓိက ကစားသမား ဒီကလန်ရိုက်စ်ကို ခေါ်ယူလိုနေတာ ဖြစ်ပြီး ဒီကလန်ရိုက်စ်ဟာလည်း ချယ်လ်ဆီးအသင်းထံ ပြောင်းရွှေ့ချင်နေကြောင်း သိထား ရပါတယ်။

Photo Credit: Standard

နာမည်ကြီး သတင်းဌာန တစ်ခုဖြစ်တဲ့ The Athletic သတင်းဌာနရဲ့ သတင်းထောက် တစ်ဦးဖြစ်တဲ့ ဆိုင်မွန် ဂျွန်ဆင်ရဲ့ အဆိုအရတော့ ချယ်လ်ဆီး အသင်းဟာ လာမယ့် ဇန်နဝါရီ အပြောင်းအရွှေ့မှာ အသင်းရဲ့ ကစားသမားတွေထဲက နှစ်ဦးကို ရောင်းချသွားမှာ ဖြစ်ပြီး အဆိုပါ ရောင်းချမှုတွေ ကနေ ရလာတဲ့ ငွေကြေးနဲ့ ဒီကလန်ရိုက်စ်ကို ဝယ်ယူမှာ ဖြစ်ကြောင်း သိရပါတယ်။ ထွက်ပေါ်လာတဲ့ သတင်းတွေ အရတော့ ချယ်လ်ဆီး အသင်းဟာ နောက်ခံလူတွေ ဖြစ်တဲ့ ရူဒီဂါ ၊ မားကို့စ် အလွန်ဆို ၊ အီမာဆန် ၊ ဂိုးသမား ကီပါ တို့ထဲက နှစ်ဦးကို ရောင်းချသွားမယ်လို့ သိထားရပြီး ဝက်စ်ဟမ်းအသင်း ကတော့ ဒီကလန်ရိုက်စ် အတွက် ပြောင်းရွှေ့ကြေး ပေါင်၈၀သန်း ဝန်းကျင်ခန့် အလိုရှိနေပါတယ်။