ပရီးမီးယားလိဂ် အင်အားကြီးအသင်း တသင်း ဖြစ်တဲ့ ချယ်လ်ဆီးက သူတို့အသင်းရဲ့ ယာယီနည်းပြ လမ်းပတ်ရဲ့ လက်ထက်မှာ ၅ပွဲကစား ၊ ၅ပွဲရှုံး ဆိုတဲ့ ရလဒ်မျိုး ထွက်ပေါ်ထားပေမယ့် လမ်းပတ်ကို ရာထူးကနေ မထုတ်ပယ်ပဲ ရာသီကုန် အထိ ဆက်ခန့်ဖို့ ဆုံးဖြတ်လိုက်ကြောင်း ယုံကြည် စိတ်ချရတဲ့ သတင်းရင်းမြစ်တွေက အခိုင်အမာ ဖော်ပြသွားကြပါတယ်။

အသင်းပိုင်ရှင် အပြောင်းအလဲ ဖြစ်ပြီးနောက် တသင်းလုံးကို ပြုပြင် ပြောင်းလဲမှုတွေ လုပ်ဆောင်ခဲ့တဲ့ ချယ်လ်ဆီးက ဒီရာသီမှာ ပြောင်းရွှေ့ကြေး ပေါင် ၆၀၀သန်းကျော် အသုံးပြုကာ ကစားသမားသစ်တွေကို ခေါ်ယူ အားဖြည့်ခဲ့ပေမယ့် များပြားလွန်းလှတဲ့ နည်းပြအပြောင်းအလဲတွေကြောင့် ရလဒ်ပိုင်း အတော်လေးကို ဆိုးရွားနေပါတယ်။

Photo Credit: Sky Sports

ချယ်လ်ဆီးက တူဟယ်လ် ၊ ပေါ်တာနဲ့ ဆောလ်တာ (ယာယီနည်းပြ) စတဲ့ နည်းပြတွေကို နည်းပြချုပ်ရာထူး ကနေ ဖယ်ရှားခဲ့ပြီးနောက် ဒီရာသီအတွက် ၄ယောက်မြောက် နည်းပြအဖြစ် အသင်းရဲ့ ဂန္တဝင် ကစားသမားလည်းဖြစ် ၊ နည်းပြဟောင်းလည်း ဖြစ်တဲ့ ဖရန့် လမ်းပတ်ကို ခေါ်ယူကာ အသင်းကို ထိန်းကျောင်းခိုင်းခဲ့ပါတယ်။

လမ်းပတ်က ချယ်လ်ဆီးကို ၁နှစ်ခွဲကျော် ကြာအောင် ကိုင်တွယ်ခဲ့သူ ဖြစ်တာကြောင့် ချယ်လ်ဆီးပိုင်ရှင် တော့ပ် ဘိုလေက လမ်းပတ်ဟာ အသင်းကို ရလဒ်ဆိုးတွေထဲ ကနေ ဆွဲတင်ပေးနိုင်မယ်လို့ ယုံကြည်ခဲ့ပေမယ့် ဖရန့် လမ်းပတ်ရဲ့ လက်အောက်မှာ ချယ်လ်ဆီးက ရလဒ်တွေ ပိုမို ဆိုးရွားလာခဲ့ပြီး ပြိုင်ပွဲစုံမှာ ၅ပွဲ ကစား ၊ ၅ပွဲစလုံးကို ရှုံးနိမ့်ခဲ့သလို တန်းဆင်းဇုန်နဲ့ ၁၀မှတ်သာ ကွာဟပါတော့တယ်။

Photo Credit: Football 365

ချယ်လ်ဆီးက တန်းဆင်းဇုန် အန္တရာယ်နဲ့ ရင်ဆိုင်လာရသလို လက်ကျန် ၆ပွဲမှာ မန်ချက်စတာ ယူနိုက်တက် ၊ အာဆင်နယ် ၊ နယူးကာဆယ် ၊ မန်ချက်စတာ စီးတီး စတဲ့ အသင်းတွေနဲ့ ရင်ဆိုင် ကစားဖို့ ရှိနေတာကြောင့် ချယ်လ်ဆီးဟာ မထင်မှတ်ပဲ တန်းဆင်းသွားရနိုင်ပါတယ်။

ဒါကြောင့်ပဲ ချယ်လ်ဆီးပရိသတ်တွေက အခြေအနေတွေ ဒီထက် ပိုမို မဆိုးရွားလာခင် လမ်းပတ်ကို ရာထူးကနေ ထုတ်ပယ်ဖို့ အသင်းဆီ တောင်းဆိုနေကြပေမယ့် ချယ်လ်ဆီးပိုင်ရှင် တော့ပ် ဘိုလေနဲ့ ချယ်လ်ဆီး ဘုတ်အဖွဲ့က လမ်းပတ်ကို ရာသီကုန် အထိ ဆက်ခန့်ထားဖို့ ဆုံးဖြတ်ထားကြပြီး ရာသီသစ် ရောက်မှသာ နည်းပြသစ်နဲ့ အသင်းကို ရှေ့ဆက်မယ့် မူဝါဒကိုပါ ချမှတ်ခဲ့ကြောင်း နာမည်ကြီး သတင်းဌာန တခု ဖြစ်တဲ့ Sky Sportsက ဖော်ပြလာခဲ့ပါတယ်။