MySport Myanmar

ရော်နယ်လ်ဒင်ဟိုနဲ့ ခြေစမ်းပွဲ ကစားပြီး ဘောလုံးသမားဘဝကို အဆုံးသတ်တော့မယ့် ရာမီရက်စ်

ချယ်လ်ဆီးအသင်းရဲ့ ကစားသမားဟောင်းတစ်ဦးဖြစ်တဲ့ ဘရာဇီးလ် ကွင်းလယ်လူ ရာမီရက်စ်က လာမယ့် နိုဝင်ဘာလထဲမှာ ဘရာဇီးလ်ရဲ့ legend player ကြီးတစ်ဦးဖြစ်တဲ့ ရော်နယ်လ်ဒင်ဟိုနဲ့ ခြေစမ်းပွဲတစ်ပွဲ ဆင်နွဲသွားဖို့ စီစဉ်ထားပြီး အဲ့ဒီပွဲကို ပါဝင်ကစားပြီးတာနဲ့ ရာမီရက်စ်က သူရဲ့ ဘောလုံးသမားဘဝကို အဆုံးသတ်သွားတော့မှာ ဖြစ်ပါတယ်။

Photo Credit : Transfermarket

လက်ရှိမှာ အသက်(၃၅)နှစ်အရွယ်ရှိပြီဖြစ်တဲ့ ရာမီရက်စ်ဟာ ၂၀၁၀ခုနှစ်ကမှ ဘင်ဖီကာကနေ ချယ်လ်ဆီးအသင်းဆီ ရောက်ရှိလာခဲ့တာဖြစ်ပြီး အဲ့အချိန်က ချယ်လ်ဆီး ကစားသမားဟောင်း ရှက်ချင်ကို ဝတ်ဆင်ခဲ့တဲ့ ကျောနံပါတ်(၇)ကို ဆက်ခံ ဝတ်ဆင်ခဲ့ပါတယ်။ ချယ်လ်ဆီးမှာ (၅)ရာသီခွဲ ကျင်လည်ခဲ့တဲ့ ရာမီရက်စ်ဟာ ချယ်လ်ဆီးနဲ့အတူ ချန်ပီယံလိဂ် ယူရိုပါလိဂါဖလားတွေအပြင် ပရီးမီးယားလိဂ် အက်အေဖလားတို့ကိုပါ ပိုင်ဆိုင်နိုင်ခဲ့ရပြီး ၂၀၁၆ခုနှစ် နှစ်စပိုင်းမှာပဲ တရုတ်စူပါလိဂ်ကို ပြောင်းရွှေ့သွားရင်းက ရာမီရက်စ်ရဲ့ ကစားသမားဘဝကပါ ကျဆင်းသွားခဲ့ရတာ ဖြစ်ပါတယ်။

Photo Credit : The Independent

တရုတ်ကလပ် Jiangsu Suning ဘရာဇီးလ်ကလပ် ပါးလ်မီးရပ်စ်အသင်းတွေမှာ ပါဝင်ကစားခဲ့ရင်း ၂၀၂၀ခုနှစ် နိုဝင်ဘာနောက်ပိုင်းကတည်းက အခုထိ အသင်းလက်မဲ့ ဖြစ်နေရတဲ့ ရာမီရက်စ်ဟာ လာမယ့်နိုဝင်ဘာလ ၆ရက်နေ့မှာ သူဦးဆောင်တဲ့ ဘောလုံးအသင်းနဲ့ သူရဲ့စီနီယာ ကစားသမားလည်းဖြစ် ဘောလုံးလောကထဲကနေ အနားယူထားတဲ့ ဘရာဇီးလ် စူပါစတားကြီးလည်းဖြစ်တဲ့ ရော်နယ်လ်ဒင်ဟို ဦးဆောင်တဲ့အသင်းနဲ့ ချစ်ကြည်ရေး ခြေစမ်းပွဲတစ်ပွဲကို ဆင်နွဲသွားမှာ ဖြစ်ပါတယ်။ ဒီပွဲစဉ်ကိုတော့ ဘရာဇီးနိုင်ငံ ဆန်တာကာတာရီယားပြည်နယ်ရှိ ပရိသတ်အယောက်ပေါင်း (၂၂၀၀၀)ဆံ့တဲ့ Arena Joinville ဘောလုံးကွင်းထဲတွင် ကျင်းပသွားမှာ ဖြစ်ပါတယ်။ ပွဲကျင်းပမယ့်နေ့ရက် နီးကပ်လာမှသာ အဲ့ဒီပွဲစဉ်အတွင်း ဘယ်ကစားသမားတွေ ထပ်မံ ပါဝင်သွားဦးမလဲဆိုတာကို ထုတ်ပြန်သွားမယ်လို့လည်း သိရပါတယ်။ ဒီပွဲကတော့ ရာမီရက်စ်အတွက် ဘောလုံးသမားဘဝ နောက်ဆုံးသောပွဲစဉ်ဖြစ်လို့ သူရဲ့နှုတ်ဆက်ပွဲလည်း ဖြစ်လာနိုင်ပါတယ်။ ချယ်လ်ဆီးအသင်းအတွက် ပြိုင်ပွဲစုံ ပွဲပေါင်း (၂၅၁)ပွဲအထိ ပါဝင်ကစားခဲ့တဲ့ ရာမီရက်စ်ဟာ ဘရာဇီးလ် လက်ရွေးစင်အသင်းအတွက်ကိုလည်း (၅၂)ပွဲအထိ ပါဝင်ခဲ့သလို ၂၀၁၀ ကမ္ဘာ့ဖလားနဲ့ ၂၀၁၄ ကမ္ဘာ့ဖလားပြိုင်ပွဲတွေကိုလည်း ပါဝင်ဆင်နွဲခွင့် ရရှိခဲ့ပါတယ်။

Exit mobile version