တချိန်က ကမ္ဘာ့အကောင်းဆုံး ကစားသမားဆုကို ရရှိခဲ့တဲ့ အထိ အောင်မြင် ကျော်ကြားခဲ့ကာ လက်ရှိမှာ ဘောလုံးရေးရာ သုံးသပ်သူ တဦး အဖြစ် လုပ်ကိုင် ဆောင်ရွက်နေတဲ့ နာမည်ကျော် တိုက်စစ်မှူးဟောင်း မိုက်ကယ် အိုဝင်ကတော့ ယနေ့ညမှာ ယှဉ်ပြိုင် ကစားမယ့် အက်ဖ်အေဖလား ဆီမီးဖိုင်နယ်ပွဲစဉ်မှာ ချယ်လ်ဆီးက ခရစ္စတယ်ပဲလေ့စ်ကို အပြတ်အသတ် အသာစီး ရသွားလိမ့်မယ်လို့ သုံးသပ် ခန့်မှန်းသွားခဲ့ပါတယ်။

ပရီးမီးယားလိဂ် ကလပ်တွေ ဖြစ်ကြတဲ့ ချယ်လ်ဆီးနဲ့ ခရစ္စတယ် ပဲလေ့စ်တို့ဟာ ယနေ့ည ၁၀နာရီ အချိန်မှာ အင်္ဂလန်နိုင်ငံရဲ့ အကျော်ကြားဆုံး ဘောလုံးကွင်း ဖြစ်တဲ့ ဝင်ဘလေကွင်းထဲမှာ အက်ဖ်အေဖလား ဆီမီးဖိုင်နယ်ကို ယှဉ်ပြိုင် ကစားကြတော့မှာ ဖြစ်ပါတယ်။

Photo Credit: Football London

ချယ်လ်ဆီးနဲ့ ခရစ္စတယ် ပဲလေ့စ်တို့ နှစ်သင်းစလုံးဟာ လတ်တလောမှာ ခြေစွမ်းကောင်းတွေ ကိုယ်စီ ပိုင်ဆိုင်ထားတဲ့ အသင်းနှစ်သင်း ဖြစ်တာကြောင့် သူတို့နှစ်သင်း ထိပ်တိုက် တွေ့ဆုံတဲ့ ပွဲစဉ်က ပရိသတ်တွေကို ဖျော်ဖြေမှု အနည်းငယ် ပေးစွမ်းနိုင်ဖွယ် ရှိပေမယ့် ပရီးမီးယားလိဂ်ရဲ့ အင်အားကြီးကလပ် ချယ်လ်ဆီးကသာ ပဲလေ့စ်ကို ပွဲစပွဲဆုံး ဖိအားပေး ကစားကာ အနိုင်ရရှိသွားဖွယ် ရှိနေပါတယ်။

ဒါ့အပြင် ချယ်လ်ဆီးနဲ့ ပဲလေ့စ်တို့ ရင်ဆိုင် ကစားခဲ့ကြတဲ့ နောက်ဆုံး ၁၀ပွဲမှာ ပဲလေ့စ်ဘက်က ၁ပွဲသာ အနိုင်ရရှိထားကာ ချယ်လ်ဆီးက ၉ပွဲအထိ အနိုင်ရရှိထားတာကြောင့်ပဲ သူတို့နှစ်သင်း တွေ့ဆုံမယ့် ပွဲစဉ်မှာ ချယ်လ်ဆီးကသာ ဗိုလ်လုပွဲဆီ တက်ရောက်သွားနိုင်လိမ့်မယ်လို့ အားလုံးက တညီတညွတ်ထဲ သုံးသပ်ထားပြီး နာမည်ကျော် ဘောလုံးရေးရာ သုံးသပ်သူ တဦး ဖြစ်တဲ့ အိုဝင်ကလည်း ပဲလေ့စ်က ချယ်လ်ဆီးဘက်ကို သွင်းဂိုး သွင်းယူနိုင်စွမ်း ရှိပေမယ့် ချယ်လ်ဆီးကသာ ဗိုလ်လုပွဲဆီ တက်လှမ်းနိုင်လိမ့်မယ်လို့ ဆိုသွားပါတယ်။

Photo Credit: Football London

အိုဝင်က – “ကျွန်တော်က ဒီနေ့ပွဲမှာ ပဲလေ့စ်ဘက်က ဘာကိုမှ ဆုံးရှုံးစရာ မရှိတဲ့ ကစားပုံမျိုးနဲ့ ကစားလာဖို့ မျှော်လင့်ထားပါတယ်။ သူတို့က ချယ်လ်ဆီးဘက်ကို သွင်းဂိုး သွင်းနိုင်ခဲ့ရင်လည်း အံ့ဩစရာ မရှိပါဘူး။ ဒါပေမယ့် ချယ်လ်ဆီးက ပဲလေ့စ်ထက် အရမ်းကို အင်အားကြီးလွန်းနေပါတယ်။ ကျွန်တော်ကတော့ အင်္ဂါနေ့မှာ ပြသခဲ့တဲ့ စွမ်းဆောင်ရည်ကောင်းတွေနဲ့ အတူ ချယ်လ်ဆီးကပဲ ဒီပွဲကို အနိုင်ရသွားမယ်လို့ ထင်ပါတယ်” ဆိုပြီး ပြောကြားသွားခဲ့တာပါ။