MySport Myanmar

အိုဆင်မန်အတွက် ပြောင်းရွှေ့ကြေး+ပူလီဆစ်နဲ့ ကမ်းလှမ်းသွားမယ့် ချဲလ်ဆီး

ချဲလ်ဆီးအသင်းဟာ လာမယ့် နွေရာသီ အပြောင်းအရွှေ့ဈေးကွက်အတွင်းမှာ နာပိုလီအသင်းရဲ့ တိုက်စစ်ကစားသမား ဗစ်တာအိုဆင်မန်ကို အရ ခေါ်ယူသွားနိုင်ဖို့အတွက် ပြောင်းရွှေ့ကြေးအပြင် တောင်ပံကစားသမား ခရစ္စတီယန်ပူလီဆစ်ကိုပါ အပြောင်းအရွှေ့ရဲ့ တစ်စိတ်တစ်ပိုင်းအဖြစ် အလိုက်ပေးပြီး ကမ်းလှမ်းသွားဖို့အထိ ပြင်ဆင်ထားတယ်လို့ သိရပါတယ်။

Photo Credit : Daily Mail

နိုင်ဂျီးရီးယား လက်ရွေးစင် တိုက်စစ်ကစားသမား အိုဆင်မန်ဟာ ဒီရာသီမှာ နာပိုလီအတွက် အကောင်းဆုံးသော စွမ်းဆောင်ရည်တွေကို တောက်လျှောက် ပြသထားနိုင်သူဖြစ်ပြီး အသင်းကိုလည်း စီးရီးအေမှာ ချန်ပီယံ ဖြစ်လာအောင်နဲ့ ချန်ပီယံလိဂ်မှာလည်း ပထမဆုံးအကြိမ်အဖြစ် ကွာတားဖိုင်နယ်ထိ ရောက်ရှိအောင်ပါ စွမ်းဆောင်ပေးထားနိုင်ပါတယ်။ ဒါကြောင့်လည်း သူ့ကို မန်ယူနိုက်တက်နဲ့ ချဲလ်ဆီးအသင်းတို့က ခေါ်ယူဖို့ အပြိုင်အဆိုင် စိတ်ဝင်စားနေကြတာဖြစ်ပြီး ချဲလ်ဆီးကတော့ အိုဆင်မန်ကို အရ ခေါ်နိုင်ဖို့ သူတို့ရဲ့ ကစားသမား ပူလီဆစ်ကိုပါ အသုံးချသွားဖွယ်လည်း ရှိနေပါတယ်။

Photo Credit : The Transfer Tavern

အသက်(၂၄)နှစ်အရွယ် ကစားသမား အိုဆင်မန်ဟာ နာပိုလီရဲ့ main player တစ်ဦး ဖြစ်နေတဲ့အပြင် ဒီရာသီမှာလည်း အသင်းအတွက် (၂၅)ဂိုးအထိတောင် သွင်းယူပေးထားတာဖြစ်လို့ နာပိုလီဘက်ကတော့ အိုဆင်မန်ကို လုံးဝ မရောင်းထုတ်လိုပဲ အသင်းမှာသာ ဆက်လက် ထိန်းသိမ်းထားချင်နေပါတယ်။ ဒါ့အပြင် အိုဆင်မန်ရဲ့ တန်ကြေးဟာဆိုရင်လည်း အနိမ့်ဆုံး ယူရိုသန်း(၇၀)လောက်မှာ ရှိနေတာဖြစ်လို့ လာမယ့် ဈေးကွက်တွေအတွင်း ထင်တိုင်းကြဲလို့ မဖြစ်တော့တဲ့ ချဲလ်ဆီးအသင်းက အိုဆင်မန်အတွက် ပြောင်းရွှေ့ကြေးတချို့အပြင် ပူလီဆစ်ကိုပါ အလိုက်ပေးသွားဖို့ ပြင်ဆင်လာပါတယ်။

Photo Credit : We Ain’t Got No Histroy

အမေရိကန် လက်ရွေးစင် တောင်ပံကစားသမား ပူလီဆစ်ဟာ ၂၀၁၉ခုနှစ်ကမှ ဒေါ့မွန်ကနေ ချဲလ်ဆီးအသင်းဆီကို ရောက်ရှိလာခဲ့တာဖြစ်ပြီး အမေရိကန် ကစားသမားတွေထဲမှာ ပြောင်းရွှေ့ကြေး အမြင့်ဆုံးသူအဖြစ်ပါ သတ်မှတ်ခံခဲ့ရပါတယ်။ လက်ရှိ ချဲလ်ဆီးအသင်းရဲ့ တိုက်စစ်ပိုင်းမှာ ကစားသမားအင်အား အလွန် များပြားလွန်းနေခြင်းကြောင့် ပူလီဆစ်ရဲ့ အနာဂတ်ဟာ မရေမရာ ဖြစ်လာခဲ့ရသလို လာမယ့်နွေမှာလည်း အသင်းက ကစားသမားတချို့ကို မဖြစ်မနေ ရှင်းထုတ်ဖို့ လိုအပ်လာခဲ့ရာ ပူလီဆစ်အနေနဲ့ အသင်းကနေ ရှင်းထုတ်ခံရဖွယ်လည်း ရှိနေရပါတယ်။

Exit mobile version