လာမယ့်ဇွန်လ(၃၀)ရက်နေ့မှာ ဘောလုံးသမားတော်တော်များများဟာ သူတို့ရဲ့ ကလပ်အသင်းတွေနဲ့ ချုပ်ဆိုထားတဲ့ စာချုပ်သက်တမ်းတွေ ကုန်ဆုံးကြတော့မှာဖြစ်ပြီး ဒီရက်ပိုင်းအတွင်းမှာသာ သက်တမ်းမတိုးနိုင်ခဲ့ရင် အသင်းကနေ အလွတ်ပြောင်းရွှေ့ကြေးနဲ့ ထွက်ခွာရတော့မှာဖြစ်ပါတယ်။ လက်ရှိမှာလည်း အသင်းတွေနဲ့ သက်တမ်းကုန်ဆုံးတော့မယ့် နာမည်ကျော် ဘောလုံးသမားတွေ များစွာရှိလို့နေပြီး ဒီကစားသမားတွေထဲမှာ မန်ချက်စတာယူနိုက်တက်အသင်းရဲ့ လူငယ်ကြယ်ပွင့် ကစားသမာလေး အိန်ဂျယ်ဂိုးမက်စ်လည်း အပါအဝင်ဖြစ်လို့နေပါတယ်။

Photo Credit : Vbet News

အသက်(၁၉)နှစ်အရွှယ်ရှိ အင်္ဂလန်လူငယ်ကစားသမားလေး အိန်ဂျယ်ဂိုးမက်စ်ဟာ လာမယ့်ဇွန်လ(၃၀)ရက်နေ့မှာပဲ ယူနိုက်တက်အသင်းနဲ့ ချုပ်ဆိုထားတဲ့ စာချုပ်သက်တမ်း ကုန်ဆုံးတော့မှာဖြစ်ပြီး ယူနိုက်တက်ဘက်ကနေ တစ်ပတ်လုပ်ခ ပေါင်(၃)သောင်းနဲ့ သက်တမ်းတိုးဖို့ ကမ်းလှမ်းထားခဲ့ပေမယ့်လည်း ကစားသမားဘက်ကနေတော့ ငြင်းဆန်ထားခဲ့ကာ အသင်းနဲ့ လမ်းခွဲဖို့ကိုပဲ ဆုံးဖြတ်ချက်ချဖွယ်ရှိနေပါတယ်။ ဒီလို အသင်းနဲ့ လမ်းခွဲဖွယ်ရှိနေတဲ့ အိန်ဂျယ်ဂိုးမက်စ်ကို ယူနိုက်တက်ရဲ့ ပရီးမီးယားလိဂ်ပြိုင်ဘက်အသင်း ချယ်လ်ဆီးကနေ အလွတ်ပြောင်းရွှေ့ကြေးနဲ့ ခေါ်ယူသွားဖို့ စိတ်ဝင်စားလျက်ရှိနေပါတယ်။

Photo Credit : The Boot Room

နာမည်ကျော် ဗြိတိန်သတင်းမီဒီယာကြီး Mirror ကနေ ဖော်ပြလာခဲ့တဲ့ သတင်းတွေအရ ချယ်လ်ဆီးအသင်းက ဂိုးမက်စ်ကို ခေါ်ယူနိုင်ဖို့အတွက် ကြိုးပမ်းလျက်ရှိနေပြီး ဂိုးမက်စ်သာ အသင်းကို ရောက်ရှိလာမယ်ဆိုရင် ပွဲထွက်ကစားသမားအဖြစ် အသုံးပြုမယ်ဆိုတဲ့ အာမံချက်ပါ ထည့်သွင်းကမ်းလှမ်းထားတာဖြစ်လို့ ဂိုးမက်စ်အတွက် ဒီကမ်းလှမ်းချက်ဟာ လက်ခံနိုင်စရာ ဖြစ်လာနိုင်ပါတယ်။ ဒါ့အပြင် ချယ်လ်ဆီးအသင်းဟာ ဂိုးမက်စ်အတွက် ပွဲအရေအတွက် ဂိုးအရေအတွက်နဲ့ ဆုဖလားတွေ ပိုင်ဆိုင်တဲ့အခါမျိုးမှာ မက်မောလောက်စရာ အပိုဆုကြေးတွေပါ ထည့်သွင်းကမ်းလှမ်းလာနိုင်ပါတယ်။ ချယ်လ်ဆီးအသင်းရဲ့ နည်းပြဖရန့်လမ်းပတ်ကလည်း အသင်းကို လူငယ်ကစားသမားလေးတွေနဲ့သာ တည်ဆောက်သွားဖို့ ဟန်ပြင်လို့နေပြီး အသင်းရဲ့ လူငယ်ကစားသမားဟောင်းတစ်ဦးဖြစ်တဲ့ ဒစ်ကလန်ရိုက်စ်ကိုပါ ဝက်စ်ဟမ်းယူနိုက်တက်အသင်းကနေ ခေါ်ဆောင်သွားဖို့ကိုပါ ပစ်မှတ်ထားနေပြီး အသင်းရဲ့ ကွင်းလယ်မှာ မေဆန်မောင့် လော့တပ်ချိဖ်တို့နဲ့ တွဲဖက်ကစားဖွယ် ရှိနေပါတယ်။