ပရီးမီးယားလိဂ် နာမည်ကြီးကလပ် ချယ်လ်ဆီးက ယခုနှစ် ဘောလုံးရာသီမှာ ပရီးမီးယားလိဂ်ရဲ့ အဆင့်(၆)နေရာနဲ့ ရာသီသိမ်းနိုင်ခဲ့ပေမယ့် နည်းပြချုပ် ပိုချက်တီနိုရဲ့ စွမ်းဆောင်ရည်တွေကို သဘောမကျတာကြောင် နည်းပြဟောင်း သောမတ်စ် တူဟယ်လ်ကို အသင်းဆီ ပြန်ခေါ်ဖို့ အံ့အားသင့်ဖွယ် ကြိုးစားနေကြောင်း ဂျာမန်အခြေစိုက် သတင်းရင်းမြစ်တွေက ဖော်ပြလာကြပါတယ်။

ချယ်လ်ဆီးက အာဂျင်တီးနားလူမျိုး ထိပ်သီးနည်းပြ ပိုချက်တီနိုကို ယခုနှစ် ဘောလုံးရာသီ အစကမှ ၂နှစ်စာချုပ်နဲ့ ခေါ်ယူ ခန့်အပ်ခဲ့တာ ဖြစ်ပြီး ပိုချက်တီနိုဟာ ချယ်လ်ဆီးဆီ ရောက်ရှိကာစမှာ ရလဒ်ကောင်းတွေ ရယူပေးနိုင်ဖို့ ရုန်းကန်ခဲ့ရပေမယ့် အသင်းကို ကာရာဘောင်းဗိုလ်လုပွဲဆီ ပို့ဆောင်ပေးနိုင်ခဲ့သလို ဥရောပဝင်ခွင့် ရအောင်လည်း ကူညီပေးထားပါတယ်။

Photo Credit: Mirror

ဒါပေမယ့် ပိုချက်တီနိုရဲ့ ဆွဲဆောင်မှု ကင်းမဲ့တဲ့ ကစားဟန်နဲ့ ဆုဖလားတွေ အတွက် အာမခံချက် မပေးနိုင်မှုတို့ကြောင့် ချယ်လ်ဆီးရဲ့ ပိုင်ရှင်တွေ ဖြစ်ကြတဲ့ တော့ပ် ဘိုလေနဲ့ အက်ဂ်ဘာလီတို့ ဦးဆောင်တဲ့ ဘုတ်အဖွဲ့က ပိုချက်တီနိုကို ရာထူးကနေ ထုတ်ပယ်ကာ နည်းပြသစ် တဦး ခန့်အပ်ဖို့ စဉ်းစားနေကြပါတယ်။

တဖက်မှာတော့ အသက် ၅၀ အရွယ် ဂျာမဏီလူမျိုး နည်းပြချုပ် သောမတ်စ် တူဟယ်လ်က ၂၀၂၁ခုနှစ် ကနေ ၂၀၂၂ခုနှစ် အထိ ချယ်လ်ဆီးကို ၁နှစ်ကျော်ကြာ ကိုင်တွယ်ခဲ့ဖူးသူ ဖြစ်ပြီး တူဟယ်လ်က ၁နှစ်ကျော် ဆိုတဲ့ အချိန်တိုအတွင်းမှာ ချယ်လ်ဆီးအတွက် ချန်ပီယံလိဂ်ဖလား ၁လုံး ၊ ဥရောပစူပါဖလား ၁လုံးနဲ့ ကမ္ဘာ့ကလပ်ဖလား ၁လုံးတို့ကို အရယူပေးနိုင်ခဲ့ပါတယ်။

Photo Credit: Telegraph

လက်ရှိမှာတော့ သောမတ်စ် တူဟယ်လ်က ဂျာမန် ထိပ်သီးကလပ် ဘိုင်ယန်မြူးနစ်နဲ့ လမ်းခွဲထားပြီး တူဟယ်လ်ဟာ ဘိုင်ယန်မြူးနစ်မှာ အဆင်မပြေမှုတွေနဲ့ ကြုံတွေ့ခဲ့ရပြီးနောက် သူ့ရဲ့ အောင်မြေဖြစ်တဲ့ ပရီးမီးယားလိဂ်ဆီ ပြန်လာချင်နေပြီး မန်ချက်စတာ ယူနိုက်တက်က သူ့ကို ခေါ်ယူဖို့ စိတ်ဝင်စားနေပါတယ်။

နာမည်ကြီး ဂျာမန်သတင်းထောက် ဖြစ်သူ ပလက်တန်ဘက်ခ်ရဲ့ ဖော်ပြချက်အရ တူဟယ်လ်က ဘိုင်ယန်မြူးနစ်နဲ့ လမ်းခွဲပြီးနောက် ပရီးမီးယားလိဂ်ပြိုင်ပွဲဆီ ပြန်သွားဖို့ ဆုံးဖြတ်ထားပြီး လက်ရှိမှာ မန်ချက်စတာ ယူနိုက်တက် အပြင် ချယ်လ်ဆီးကပါ တူဟယ်လ်ကို နည်းပြအဖြစ် ခန့်အပ်ဖို့ အံ့အားသင့်ဖွယ် ဆွေးနွေးမှုတွေ လုပ်ဆောင်ထားကာ တူဟယ်လ်ဟာ မန်ချက်စတာ ယူနိုက်တက်နဲ့ ချယ်လ်ဆီးတို့ဆီ မပြောင်းဖြစ်ခဲ့ရင် နည်းပြလောကကနေ ခေတ္တ အနားယူနိုင်ကြောင်း သိရှိရပါတယ်။