ပရီးမီးယားလိဂ် အင်အားကြီးအသင်း တသင်း ဖြစ်တဲ့ ချယ်လ်ဆီးဟာ စပိန်လာလီဂါ ထိပ်သီးကလပ် ဘာစီလိုနာနဲ့ စာချုပ်သစ် မချုပ်ဆိုဖို့ ဆုံးဖြတ်ထားတဲ့ ပြင်သစ် တောင်ပံတိုက်စစ် ကစားသမား ဒမ်ဘီလီကို ခေါ်ယူဖို့ ဆွေးနွေးမှုတွေ ဆက်တိုက် ဆိုသလို ပြုလုပ်နေကြောင်း ခိုင်လုံတဲ့ သတင်းရင်းမြစ်တွေရဲ့ ဖော်ပြချက်တွေ အရ သိရှိရပါတယ်။
အသက် ၂၄နှစ် အရွယ် ပြင်သစ် လက်ရွေးစင် တောင်ပံတိုက်စစ် ကစားသမား အူစမာနီ ဒမ်ဘီလီဟာ ၂၀၁၇ခုနှစ်မှာ ဘွန်ဒက်လီဂါကလပ် ဒေါ့မွန်ကနေ ဘာစီလိုနာထံ ပြောင်းရွှေ့ကြေး ယူရို ၁၃၅သန်းနဲ့ ပြောင်းရွှေ့လာသူ ဖြစ်ပြီး သူ့ရဲ့ စာချုပ်က ယခု ဘောလုံးရာသီ အကုန်မှာပဲ ကုန်ဆုံးတော့မှာပါ။
Photo Credit: AS English
ဘာစီလိုနာဟာ အသင်းရဲ့ သမိုင်းတလျှောက် ပြောင်းရွှေ့ကြေး အမြင့်မားဆုံး ကစားသမားတွေထဲက တဦး ဖြစ်တဲ့ ဒမ်ဘီလီကို အသင်းမှာ ဆက်လက် ထိန်းသိမ်းနိုင်ဖို့ အဆက်မပြတ် ကြိုးပမ်းခဲ့ပေမယ့် ဒမ်ဘီလီက တနှစ် လုပ်ခလစာ ယူရို ၃၀သန်း အထိ ပေးချေဖို့ တောင်းဆိုချိန်မှာတော့ နှစ်ဦးနှစ်ဖက်ကြားမှာ ပြဿနာတွေ တက်ခဲ့ပြီး စာချုပ်သစ် ချုပ်ဆိုဖို့ ဆွေးနွေးမှုတွေကလည်း ရပ်ဆိုင်းသွားခဲ့ပါတယ်။
လက်ရှိမှာတော့ ဘာစီလိုနာက အသင်းနဲ့ စာချုပ်သစ် မချုပ်ဆိုဖို့ ဆုံးဖြတ်ထားတဲ့ ဒမ်ဘီလီကို ယခု ဇန်နဝါရီလ အပြောင်းအရွှေ့မှာပဲ အသင်းပြောင်းဖို့ ပြောကြားထားပြီး ဒမ်ဘီလီ အတွက် ပြောင်းရွှေ့ကြေး ယူရို ၂၀သန်း ဝန်းကျင် လိုချင်နေကြောင်း ဘာစီလိုနာနဲ့ နီးစပ်သူတွေက ဆိုပါတယ်။
Photo Credit: AS English
လန်ဒန်အခြေစိုက် နာမည်ကြီး သတင်းဌာန တခု ဖြစ်တဲ့ Football London သတင်းဌာနရဲ့ ဖော်ပြချက်အရ လန်ဒန်မြို့ခံ အသင်းတသင်း ဖြစ်တဲ့ ချယ်လ်ဆီးဟာ ဒမ်ဘီလီကို ခေါ်ယူဖို့ စတင် လှုပ်ရှားနေပြီး ဒမ်ဘီလီရဲ့ အေးဂျင့်ကလည်း လန်ဒန်မြို့ဆီ လာရောက်ကာ အပြောင်းအရွှေ့ အတွက် ဆွေးနွေးမှုတွေ စတင် ပြုလုပ်နေကြောင်းလည်း သိရပါတယ်။
ချယ်လ်ဆီးနည်းပြ တူဟယ်လ်နဲ့ ဒမ်ဘီလီတို့ဟာ ဒေါ့မွန်မှာ အတူတကွ တွဲဖက် လုပ်ကိုင်ခဲ့ဖူးတဲ့ ဆရာတပည့်တွေ ဖြစ်ကြပြီး တူဟယ်လ်က ဒမ်ဘီလီကို ခေါ်ပေးဖို့ ချယ်လ်ဆီး ဘုတ်အဖွဲ့ထံ တောင်းဆိုထားပြီး ချယ်လ်ဆီးက ဒမ်ဘီလီကို ပြောင်းရွှေ့ကြေး ယူရို ၁၅သန်း ဝန်းကျင်လောက်နဲ့ ခေါ်ယူချင်နေကြောင်း Daily Mail သတင်းဌာနက ထပ်မံ ဆိုထားပါတယ်။