ချယ်လ်ဆီးအသင်းဟာ လာမယ့် ဇန်နဝါရီလ ဆောင်းရာသီ အပြောင်းအရွှေ့ ဈေးကွက်အတွင်းမှာပဲ အသင်းရဲ့ ယူကရိန်း တောင်ပံကစားသမား မိုက်ခေလို မူဒရစ်ခ်ကို ရာသီကုန်အထိ အငှားချသွားဖို့အတွက် စဉ်းစားလျက် ရှိနေတယ်လို့ Caught Offside ကနေ သတင်းဖော်ပြလာခဲ့ပါတယ်။
အသက် (၂၃)နှစ်အရွယ် ယူကရိန်း လက်ရွေးစင် ဘယ်တောင်ပံကစားသမား မူဒရစ်ခ်ဟာ ယူကရိန်း နေမာလို့တောင် တင်စားခေါ်ဆိုခံထားရတဲ့အထိ ခြေစွမ်းပြခဲ့သူ ဖြစ်သလို အာဆင်နယ်အသင်းဆီ ရောက်ရှိဖို့လည်း အမတန်ကို နီးစပ်ခဲ့ဖူးသူ ကစားသမားတစ်ဦးလည်း ဖြစ်ပါတယ်။ ဒါပေမယ့် ချယ်လ်ဆီးက အာဆင်နယ်ထက် လက်ဦးမှု ရယူပြီး မူဒရစ်ခ်ကို ရှက်တာဒိုးနက်ကနေ ပေါင် (၈၉)သန်းနဲ့ အရ ခေါ်ယူနိုင်ခဲ့ပါတယ်။
Photo Credit : Sky Sports
ယူကရိန်း ဘောလုံးသမိုင်းတစ်လျှောက် ပြောင်းရွှေ့ကြေး အမြင့်မားဆုံး ကစားသမား ဖြစ်လာရတဲ့ မူဒရစ်ခ်ဟာ ချယ်လ်ဆီးမှာ ပုံမှန် ခြေစွမ်းပြသနိုင်ဖို့ ရုန်းကန်ခဲ့ရသလို ချယ်လ်ဆီးမှာလည်း နည်းပြအပြောင်းအလဲတွေ တောက်လျှောက် ဖြစ်နေရတာကြောင့် ပွဲကစားခွင့်တွေကလည်း မတည်မငြိမ် ဖြစ်လာရပါတယ်။
ဒီရာသီမှာဆိုရင်လည်း ချယ်လ်ဆီးက ကစားသမား ခေါ်ယူမှုတွေ အမြောက်အများ လုပ်ဆောင်ထားသလို နည်းပြ အန်ဇို မာရက်စ်ကာကလည်း အလှည့်ကျ ကစားသမား အသုံးပြုမှုတွေ လုပ်ဆောင်နေတာကြောင့် မူဒရစ်ခ်က ကွန်းဖရန့်စ်လိဂ်နဲ့ လိဂ်ဖလားပွဲတွေလောက်မှာပဲ ပွဲထွက် ကစားခဲ့ရပြီး ပရီးမီးယားလိဂ်မှာတော့ အရန်အဖြစ်နဲ့သာ ကစားခဲ့ရပါတယ်။
Photo Credit : We Ain’t Got No History
ချယ်လ်ဆီးရဲ့ ဘယ်တောင်ပံမှာ ဆန်ချိုလည်း ရှိနေသလို မာရက်စ်ကာကလည်း ညာတောင်ပံ ကစားသမား နက်တိုကို ဘယ်ခြမ်းမှာပါ အသုံးပြုနေတာကြောင့် မူဒရစ်ခ်က တတိယ ဦးစားပေးပါ ဖြစ်သွားခဲ့ရပါတယ်။ နောက်ပြီး မူဒရစ်ခ်က ကွန်းဖရန့်စ်လိဂ်မှာသာ ခြေစွမ်းပြနိုင်တာဖြစ်လို့ လာမယ့် ဈေးကွက်အတွင်းမှာပဲ အငှားချသွားဖို့ စဉ်းစားလာခဲ့ပါတယ်။
တကယ်တော့ ချယ်လ်ဆီးက မူဒရစ်ခ်ကို အသင်းကနေ အပြီးသတ် ရောင်းချလိုက်ချင်ပေမယ့် ကနဦးပိုင်းမှာ အငှားချသွားဖို့သာ ရှိနိုင်ပြီး နယူးကာဆယ် ခရစ္စတယ်ပဲလေ့စ်တို့လို ပရီးမီးယားလိဂ် ကလပ်အသင်းတွေအပြင် ဘာစီလိုနာအသင်းကပါ မူဒရစ်ခ်ကို အငှားနဲ့ ခေါ်ယူသွားဖို့ စိတ်ဝင်စားလျက် ရှိနေကြပါတယ်။