ဒီနှစ်နွေစျေးကွက်အတွင်းမှာ ပြောင်းရွှေ့ကြေးပေါင်းများစွာကို သုံးစွဲခဲ့ပြီး ကစားသမားသစ်တွေကို ခေါ်ယူအားဖြည့်ဖြစ်ခဲ့တဲ့ ချယ်လ်ဆီးအသင်းဟာ အသင်းရဲ့တိုက်စစ်ပိုင်းအတွက် တီမိုဝါနာ ဟာကင်ဇီယက်နဲ့ ကိုင်းလ်ဟားဗက်ဇ်တို့လို အရည်အသွေးမြင့် ကစားသမားကောင်းတွေကို ဆက်တိုက်ခေါ်ယူထားခဲ့ပေမယ့်လည်း အသင်းရဲ့တိုက်စစ်ပိုင်းကို ပိုမိုမြင့်တင့်နိုင်ဖို့အတွက် ဂျုဗင်တပ်စ်အသင်းရဲ့အာဂျင်တီးနား တိုက်စစ်ကစားသမား ပေါ်လိုဒီဘားလားကို ပစ်မှတ်ထားနေတယ်လို့ သိရှိရပါတယ်။

Photo Credit : Daily Mail

အီတလီအခြေစိုက် Tutto Mercato Web သတင်းမီဒီယာရဲ့ ဖော်ပြချက်တွေအရ ချယ်လ်ဆီးအသင်းဟာ အသက်(၂၆)နှစ်အရွှယ်ရှိ အာဂျင်တီးနားလက်ရွေးစင် နောက်ချန်တိုက်စစ်ကစားသမား ဒီဘားလားကို လာမယ့်နှစ် နွေစျေးကွက်အတွင်းမှာ ကမ်းလှမ်းမှုတွေ ပြုလုပ်သွားဖွယ် ရှိနေတယ်လို့ သိရှိရပါတယ်။ မနှစ်က ဘောလုံးရာသီအတွင်း အီတလီစီးရီးအေပြိုင်ပွဲရဲ့ အကောင်းဆုံးကစားသမားဆုကို ပိုင်ဆိုင်နိုင်ခဲ့တဲ့ ဒီဘားလားဟာ ဒီရာသီမှာတော့ ဒဏ်ရာပြသာနာတချို့ကြောင့် ပွဲထွက်ခွင့်ပျောက်ဆုံးနေသလို ဂျုဗင်တပ်စ်ဘက်ကလည်း တိုက်စစ်ကစားသမားတွေဖြစ်တဲ့ ကူလူဆက်စကီးနဲ့ ချီယေဇာတို့ကို ခေါ်ယူထားခဲ့လို့ ဒီဘားလားရဲ့အနာဂတ်က မရေမရာ ဖြစ်လာခဲ့ရပါတယ်။

Photo Credit : Euronews

ဂျုဗင်တပ်စ်အသင်းဟာ ဒီနှစ်ဘောလုံးရာသီ အစပိုင်းမှာပဲ သူတို့အသင်းရဲ့ ကစားသမားဟောင်းဖြစ်တဲ့ ပီယာလိုကို နည်းပြသစ်အဖြစ် ခန့်အပ်လို့ထားပြီး နွေစျေးကွက်အတွင်းမှာလည်း အသင်းရဲ့ညာခြမ်းတိုက်စစ်အတွက် ကူလူဆက်စကီးနဲ့ ချီယေဇာတို့ကို ခေါ်ယူထားခဲ့တာဖြစ်လို့ ဒီဘားလားရဲ့နေရာက စိုးရိမ်စရာဖြစ်လာခဲ့ရပါတယ်။ ဒီဘားလားနဲ့ ဂျုဗင်တပ်စ်အသင်းတို့ကြားမှာလည်း စာချုပ်သစ်ကိစ္စတွေကို ဆွေးနွေးနေဆဲဖြစ်ပြီး ၂၀၂၂ခုနှစ်မှာ ကုန်ဆုံးမယ့် သူရဲ့လက်ရှိစာချုပ်ကို အသင်းဘက်ကနေ ၂၀၂၅ခုနှစ်အထိ (၃)နှစ်သက်တမ်းတိုးချင်နေတာဖြစ်ပါတယ်။ ဒါပေမယ့် လတ်တလော အခြေအနေတွေကြောင့် ဒီဘားလားနဲ့ စာချုပ်သစ်ကိစ္စက ကြန့်ကြာနေရဖွယ် ရှိလာနိုင်ပြီး ဒီဘားလားကိုယ်တိုင်ကပါ သူရဲ့အနာဂတ်အတွက် ပြန်လည်စဉ်းစားလာနိုင်ပါတယ်။ မနှစ်က ဘောလုံးရာသီအတွင်း စပါးအသင်းကို ပြောင်းရွှေ့ကစားဖို့ အတော်လေးနီးစပ်ခဲ့သူဖြစ်ပြီး လက်ရှိမှာလည်း သူ့ကို ချယ်လ်ဆီးအသင်းကနေ ခေါ်ယူသွားဖို့ စိတ်ဝင်စားလျက် ရှိနေတယ်လို့ သိရှိရပြီး တခြားပရီးမီးယားလိဂ်အသင်းတွေဖြစ်တဲ့ မန်ချက်စတာယူနိုက်တက်နဲ့ မန်စီးတီးအသင်းတို့ကလည်း ပစ်မှတ်ထားလို့နေပါတယ်။