ပရီးမီးယားလိဂ် အင်အားကြီးအသင်း တသင်း ဖြစ်တဲ့ ချယ်လ်ဆီးအသင်းဟာ ယခုနှစ် နွေဈေးကွက် အတွင်းမှာ ထိပ်တန်း နောက်ခံလူ တဦးကို ခေါ်ယူဖို့ ချိန်ရွယ်နေရာ ဂျူဗင်တပ်အသင်းရဲ့ နောက်ခံလူ ဒီလစ်ကို စိတ်ဝင်စားနေကြောင်း သိရပါတယ်။

ချယ်လ်ဆီးအသင်းဟာ လက်ရှိမှာ အင်တာမီလန်အသင်းရဲ့ တိုက်စစ်မှူး လူကာကူနဲ့ ဆီဗီးလားအသင်းရဲ့ နောက်ခံလူ ကွန်ဒေတို့ကို ခေါ်ယူဖို့ ချိတ်ဆက်မှုတွေ ပြုလုပ်နေပြီး လူကာကူကို ခေါ်ယူနိုင်ဖို့ နီးစပ်နေပေမယ့် ကွန်ဒေအတွက် ဆွေးနွေးမှုတွေ ကတော့ နှေးကွေးနေပါတယ်။

Photo Credit: AS English

ဒါကြောင့်ပဲ ချယ်လ်ဆီးအသင်းဟာ ဂျူဗင်တပ်အသင်းရဲ့ နောက်ခံလူ ဒီလစ်ကို ခေါ်ယူဖို့ စတင် စဉ်းစားနေတာ ဖြစ်ပြီး လန်ဒန်အခြေစိုက် သတင်းဌာနတွေရဲ့ ဖော်ပြချက်အရ ချယ်လ်ဆီးအသင်းဟာ အသင်းရဲ့ တိုက်စစ်မှူး တီမိုဝါနာကို အလိုက်ပေးကာ ဒီလစ်ကို ခေါ်ယူချင်နေကြောင်း သိရပါတယ်။

အသက် ၂၁နှစ် အရွယ် နယ်သာလန် လက်ရွေးစင် နောက်ခံလူ ဒီလစ်ဟာ လက်ရှိ ကမ္ဘာ့အကောင်းဆုံး လူငယ် ဗဟိုခံစစ်မှူးအဖြစ် သတ်မှတ်ခံထားရသူ ဖြစ်ပြီး ဂျူဗင်တပ်အသင်းနဲ့ ၂၀၂၄ခုနှစ် အထိ စာချုပ်သက်တမ်း ကျန်ရှိနေသူလည်း ဖြစ်ပါတယ်။

နာမည်ကြီး သတင်းဌာန ဖြစ်တဲ့ Football London သတင်းဌာနရဲ့ ဖော်ပြချက်အရ ချယ်လ်ဆီးအသင်းဟာ ကွန်ဒေကို ခေါ်ယူဖို့ ခက်ခဲလာတဲ့ အခြေအနေကြောင့် ဒီလစ်ကို ပြောင်းလဲ ခေါ်ယူဖို့ စဉ်းစားနေပြီး ဒီလစ်အတွက် တီမိုဝါနာ + ယူရို ၅၀သန်း ဆိုတဲ့ ကမ်းလှမ်းမှု တခုကို ပြုလုပ်ဖို့ အသင့် ရှိနေကြောင်း သိရှိရပါတယ်။

Photo Credit: AS English

ဂျာမန် လက်ရွေးစင် တိုက်စစ်မှူး တီမိုဝါနာဟာ ပြီးခဲ့တဲ့ နွေရာသီ အပြောင်းအရွှေ့ကမှ ချယ်လ်ဆီးအသင်းထံ ရောက်ရှိလာသူ ဖြစ်ပြီး အသင်းနဲ့ ထိုက်သင့်သလောက် ခြေစွမ်းကောင်းတွေ ပြသနိုင်ခဲ့ပေမယ့် အဆုံးသတ်ပိုင်း အားနည်းချက်ကြောင့် ဝေဖန်မှုတွေ ခံထားရသူ ဖြစ်ပါတယ်။

အီတလီ အခြေစိုက် သတင်းဌာနတွေ ကတော့ ဂျူဗင်တပ်အသင်းဟာ အသင်းရဲ့ တိုက်စစ်ပိုင်း အတွက် တီမိုဝါနာကို သဘောကျနေပြီး ချယ်လ်ဆီးအသင်းကသာ တီမိုဝါနာ + ယူရို ၆၀သန်း ဝန်းကျင် ပေးချေမယ် ဆိုပါက ဒီလစ်ကို လက်လွှတ်ဖွယ် ရှိကြောင်း ဖော်ပြနေကြပါတယ်။