MySport Myanmar

လမ်းပတ်ကို ရာသီကုန်အထိ ယာယီနည်းပြ အဖြစ် ခန့်အပ်ဖို့ စဉ်းစားနေတဲ့ ချယ်လ်ဆီး

ပရီးမီးယားလိဂ် အင်အားကြီးအသင်း တသင်း ဖြစ်တဲ့ ချယ်လ်ဆီးက အသင်းရဲ့ နည်းပြချုပ် ဖြစ်သူ ဂရေဟမ် ပေါ်တာကို ရာထူးကနေ ထုတ်ပယ်ခဲ့ပြီးနောက် နည်းပြသစ် ရှာဖွေနေပေမယ့် သူတို့ရဲ့ ပစ်မှတ်နည်းပြတွေ ဖြစ်တဲ့ နာဂယ်စမန်းနဲ့ အင်းနရစ်တို့က နွေရာသီ ရောက်မှသာ အသင်းကို ကိုင်တွယ်ချင်တဲ့ အရိပ်အယောင်မျိုး ပေါ်နေတာကြောင့် အသင်းရဲ့ ဂန္တဝင် ကစားသမား ဖြစ်သလို နည်းပြဟောင်းလည်း ဖြစ်တဲ့ ဖရန့် လမ်းပတ်ကို ယာယီနည်းပြ အဖြစ် ခန့်အပ်ရန် စိတ်ဝင်စားနေကြောင်း ယုံကြည် စိတ်ချရတဲ့ သတင်းရင်းမြစ်တွေက ဖော်ပြသွားကြပါတယ်။

ချယ်လ်ဆီးက ယခုနှစ် ဘောလုံးရာသီ အစမှာ ချန်ပီယံလိဂ် ယူပေးထားတဲ့ နည်းပြ တူဟယ်လ်ကို ရာထူးကနေ ထုတ်ပယ်ကာ အင်္ဂလိပ်လူမျိုး နည်းပြတဦး ဖြစ်သူ ဂရေဟမ် ပေါ်တာကို ပေါင် ၃၀သန်း ဝန်းကျင် အကုန်အကျ ခံကာ နည်းပြသစ် အဖြစ် ခန့်အပ်ခဲ့ပေမယ့် သူတို့ရဲ့ အစီအစဉ်က မအောင်မြင်ခဲ့ပါဘူး။

Photo Credit: Telegraph

ဂရေဟမ် ပေါ်တာရဲ့ လက်အောက်မှာ ချယ်လ်ဆီးရဲ့ ကစားပုံက အတော်လေး လျော့တိလျော့ရဲ ဖြစ်သလို ရလဒ်ကောင်းတွေလည်း မရတာကြောင့် ပြီးခဲ့တဲ့ တနင်္ဂနွေနေ့မှာပဲ ချယ်လ်ဆီးဘုတ်အဖွဲ့က ဂရေဟမ် ပေါ်တာကို ရာထူးကနေ ဖယ်ရှားကာ လက်ထောက်နည်းပြ ဆောလ်တာကို ယာယီနည်းပြ အဖြစ် ခန့်အပ်ခဲ့ပါတယ်။

ဒါပေမယ့် ချယ်လ်ဆီးက သူတို့အသင်းကို အကောင်းဆုံး ဦးဆောင်ပေးနိုင်မယ့် ထိပ်တန်းနည်းပြ တဦးကို အလျင်အမြန် ခန့်အပ်ချင်နေတာကြောင့် ဘိုင်ယန်မြူးနစ် နည်းပြဟောင်း နာဂယ်စမန်းနဲ့ ဘာစီလိုနာ နည်းပြဟောင်း အင်းနရစ်တို့ကို တပြိုင်နက်ထဲ ချိတ်ဆက်ကာ နည်းပြသစ် ခန့်အပ်ဖို့ ကြိုးစားနေပေမယ့် နာဂယ်စမန်းနဲ့ အင်းနရစ်တို့ နှစ်ဦးစလုံးက ကာလရှည် စာချုပ်တွေနဲ့ ကမ်းလှမ်းမှသာ စဉ်းစားမယ်လို့ အကြောင်းပြန်ထားပါတယ်။

Photo Credit: Telegraph

ယုံကြည် စိတ်ချရတဲ့ သတင်းဌာန တခု ဖြစ်တဲ့ Talksportsရဲ့ ဖော်ပြချက်အရ ချယ်လ်ဆီးရဲ့ တာဝန်ရှိသူတွေက နာဂယ်စမန်းနဲ့ အင်းနရစ်တို့ နှစ်ဦးစလုံးဟာ သူတို့အသင်းဆီ ရာသီကုန်မှ ပြောင်းလာမယ်လို့ ယူဆနေတာကြောင့် အသင်းရဲ့ နည်းပြဟောင်း တဦး ဖြစ်သလို ကစားသမားတွေနဲ့လည်း ရင်းနှီးတဲ့ လမ်းပတ်ကို ရာသီကုန် အထိ ယာယီနည်းပြ အဖြစ် ခန့်အပ်ချင်နေကြောင်း သိရပါတယ်။

ချယ်လ်ဆီးရဲ့ ဂန္တဝင် တဦး ဖြစ်သူ ဖရန့် လမ်းပတ်က ၂၀၁၉ခုနှစ် ဇူလိုင်လ ကနေ ၂၀၂၁ခုနှစ် ဇန်နဝါရီလ အထိ ချယ်လ်ဆီးကို ကိုင်တွယ်ခဲ့ဖူးပြီး ချယ်လ်ဆီးကသာ လမ်းပတ်ကို ယာယီနည်းပြ လုပ်ဖို့ ထပ်မံ ကမ်းလှမ်းလာမယ် ဆိုရင် လမ်းပတ်ဟာ ချယ်လ်ဆီးရဲ့ ကမ်းလှမ်းမှုကို လက်ခံဖွယ် ရှိနေပါတယ်။

 

Exit mobile version