ပရီးမီးယားလိဂ် အင်အားကြီးအသင်း တသင်း ဖြစ်တဲ့ ချယ်လ်ဆီးက ယခုနှစ် ဘောလုံးရာသီ အကုန်မှာ အသင်းနဲ့ စာချုပ်သက်တမ်း ကုန်ဆုံးတော့မယ့် ပရိသတ်တွေရဲ့ အချစ်တော် ကစားသမား ကန်တီကို စာချုပ်သစ် မချုပ်ဖို့ ရာခိုင်နှုန်း များပြားနေကြောင်း ယုံကြည် စိတ်ချရတဲ့ သတင်းရင်းမြစ်တွေက ဖော်ပြသွားကြပါတယ်။

အသက် ၃၁နှစ် အရွယ် ပြင်သစ်လက်ရွေးစင် ကွင်းလယ်ခံစစ် ကစားသမား အန်ဂိုလို ကန်တီက လက်စတာ စီးတီး ကနေ ချယ်လ်ဆီးထံ ပြောင်းရွှေ့လာခဲ့ပြီးနောက် အသင်းရဲ့ မရှိမဖြစ် ကစားသမား တဦး အဖြစ် ခြေစွမ်းကောင်းတွေ ပြသထားနိုင်သူ ဖြစ်ပြီး သူဟာ ချယ်လ်ဆီးနဲ့အတူ ပရီးမီးယားလိဂ်ဖလား ၁ကြိမ် ၊ ချန်ပီယံလိဂ်ဖလား ၁ကြိမ် ၊ ယူရိုပါလိဂ်ဖလား ၁ကြိမ် ၊ ဥရောပစူပါဖလား ၁ကြိမ် ၊ ကမ္ဘာ့ကလပ်ဖလား ၁ကြိမ်နဲ့ အက်ဖ်အေဖလား ၁ကြိမ်တို့ကို အရယူနိုင်ခဲ့ပါတယ်။

Photo Credit: Team Talk

ကန်တီက ကမ္ဘာ့အဆင့် ကွင်းလယ်ခံစစ် ကစားသမား တဦး ဖြစ်သလို ချယ်လ်ဆီးရဲ့ ဆုဖလားအောင်ပွဲတိုင်းမှာ အရေးပါတဲ့ အခန်းကဏ္ဍကနေ အသုံးတော်ခံခဲ့သူ ဖြစ်ပေမယ့် ယခုနှစ် ဘောလုံးရာသီမှာတော့ သူဟာ ဒဏ်ရာပြဿနာတွေနဲ့ လုံးပမ်းနေရပြီး နောက်ဆုံး ရခဲ့တဲ့ ဒဏ်ရာကြောင့် ကမ္ဘာ့ဖလားပြိုင်ပွဲနဲ့ လွဲချော်ရဖို့ ရာခိုင်နှုန်း များပြားနေပါတယ်။

အန်ဂိုလို ကန်တီက ပြီးခဲ့တဲ့ ဘောလုံးရာသီမှ စတင်ကာ ကြံ့ခိုင်မှု ကျဆင်းလာပြီး သူဟာ ပြီးခဲ့တဲ့ ဘောလုံးရာသီမှာ မတူညီတဲ့ ဒဏ်ရာပြဿနာ ၅မျိုးကြောင့် အသင်းအတွက် ၁၆ပွဲ ပါဝင်ကစားပေးနိုင်ခဲ့ခြင်း မရှိသလို ယခုနှစ် ဘောလုံးရာသီမှာလည်း ကြွက်သားဒဏ်ရာကြောင့် ၂လကျော်ကြာ အနားယူနေရပါတယ်။

Photo Credit: Team Talk

ဒဏ်ရာပြဿနာတွေကြောင့်ပဲ ချယ်လ်ဆီးဘုတ်အဖွဲ့က အသင်းနဲ့ စာချုပ်သက်တမ်း နောက်ဆုံးနှစ်ထဲ ရောက်နေတဲ့ ကန်တီကို စာချုပ်သစ် ကမ်းလှမ်းဖို့ တွန့်ဆုတ်နေကြပြီး ချယ်လ်ဆီးဟာ ကန်တီကို စာချုပ်သစ် မချုပ်တော့ပဲ အလွတ်နဲ့ ထွက်ခွာခွင့် ပေးဖို့တောင် စဉ်းစားနေကြောင်း နာမည်ကြီး သတင်းထောက် ဖာဘရီဇီယို ရိုမာနိုက ဆိုပါတယ်။

ဖာဘရီဇီယို ရိုမာနိုရဲ့ ဖော်ပြချက်အရ ချယ်လ်ဆီးဘုတ်အဖွဲ့က အသင်းနဲ့ စာချုပ်သက်တမ်း ကုန်တော့မယ့် ကန်တီကို ရာသီကုန်ချိန်မှာ အလွတ်နဲ့ ထွက်ခွာခွင့် ပေးဖို့ စဉ်းစားနေကြပြီး စာချုပ်သစ် မချုပ်ဖို့က စာချုပ်သစ် ချုပ်ဖို့ထက် ပိုမို ဖြစ်နိုင်ချေ ရှိနေကြောင်း သိရပါတယ်။