MySport Myanmar

ဝုလ်ဗ် နောက်ခံလူ ကယ်လ်မန်းကို သူအားပေးခဲ့ဖူးတဲ့ ချယ်လ်ဆီးအသင်းက ခေါ်ယူသွားချင်နေ

ဒီနှစ်ဘောလုံးရာသီမှာ ခြေစွမ်းပြသလို့နေတဲ့ ဝုလ်ဗာဟမ်တန်အသင်းရဲ့ နောက်ခံကစားသမား မက်စ်ကယ်လ်မန်းကို သူငယ်ငယ်လေးကတည်း အားပေးလာခဲ့တဲ့ ကလပ်အသင်း တစ်သင်းဖြစ်တဲ့ ချယ်လ်ဆီးအသင်းကနေ ခေါ်ယူသွားဖို့ အံ့အားသင့်ဖွယ် စိတ်ဝင်စားလာခဲ့တယ်လို့ ဗြိတိန်အခြေစိုက် သတင်းမီဒီယာတွေကနေ ဖော်ပြလာခဲ့ပါတယ်။

Photo Credit : Soccerways

အသက်(၂၄)နှစ်အရွှယ်ရှိ အင်္ဂလန်နောက်ခံလူ ကယ်လ်မန်းဟာ ဒီရာသီ နည်းပြဘရူနိုလာ့ချ် လက်အောက်မှာ သူရဲ့အကောင်းဆုံး ခြေစွမ်းတွေကို ပြသထားနိုင်ခဲ့ပြီး အသင်းရဲ့ ခံစစ်မှာလည်း အသင်းခေါင်းဆောင် ကိုအာဒီ ဆာအိတို့နဲ့အတူ (၃)ယောက်တန်း ခံစစ်အစုအဖွဲ့မှာ ခံစစ်စွမ်းရည်ကောင်းတွေ ပြသထားသူ ဖြစ်ပါတယ်။ ဒီခံစစ်တန်းဟာ ဒီရာသီ ပရီးမီးယားလိဂ်မှာ ပေးဂိုး (၁၈)ဂိုးသာ ခွင့်ပြုထားခဲ့ရတဲ့အထိကို ခံစစ်ပိုင်း ကျစ်လစ်မှု ရှိနေတာကြောင့် ဒီခံစစ် အစုအဖွဲ့မှာ အပါအဝင် ဖြစ်လို့နေတဲ့ ကယ်လ်မန်းကို ကလပ်အသင်းကြီးတွေကနေ မျက်စိကျလာခဲ့တာ ဖြစ်ပါတယ်။

Photo Credit : Soccerways

talkSPORT ရဲ့ ဖော်ပြချက်မှာတော့ ဗဟိုနောက်ခံလူ ကယ်လ်မန်းကို သူငယ်စဉ်က အားပေးလာခဲ့တဲ့ ချယ်လ်ဆီးအသင်းကနေပါ ခေါ်ယူသွားဖို့ စိတ်ဝင်စားနေတာကြောင့် အသင်းရဲ့ ကင်းထောက်တွေပါ စေလွှတ်ထားတယ်လို့ သိရှိရပါတယ်။ ကယ်လ်မန်းကတော့ ဒီရာသီမှာ ဝုလ်ဗ်အသင်းကို ဥရောပဝင်ခွင့် ပြန်လည်ရရှိနိုင်အောင် စွမ်းဆောင်ထားသူဖြစ်တာကြောင့် သူ့ကို ပရီးမီးယားလိဂ် ထိပ်တန်းအသင်းကြီးတွေက စောင့်ကြည့်နေကြသလို အင်္ဂလန်လက်ရွေးစင်နည်းပြ ဂါရတ်ဆောက်ဂိတ်ကပါ လက်ရွေးစင်အသင်းမှာပါ ရွေးချယ်သွားဖို့အတွက်ပါ စဉ်းစားနေပါတယ်။ ဆောက်ဂိတ်ကိုယ်တိုင်ကလည်း သမရိုးကျ (၄)ယောက်တန်း ခံစစ်အစုအဖွဲ့ကနေ (၃)ယောက်တန်း ခံစစ်ပုံစံမျိုးကို ပြောင်းလဲချင်နေတာကြောင့် (၃)ယောက်တန်း ခံစစ်အစုအဖွဲ့မှာ လုံးဝအံ့ဝင်နိုင်မယ့် ကယ်လ်မန်းကို အသင်းအတွက် ရွေးချယ်ချင်နေတာ ဖြစ်ပါတယ်။ ဒါပေမယ့် ကယ်လ်မန်းဟာ ယူကရိန်း နိုင်ငံသားပါ ခံယူလို့ရနိုင်တဲ့ အခြေအနေ ရှိနေတာမို့ အင်္ဂလန်မှာသာ ကစားခွင့် သိပ်မရနိုင်ရင် ယူကရိန်းကိုသာ ရွေးချယ်ဖွယ် ရှိနေပါတယ်။

Exit mobile version