ချယ်လ်ဆီးအသင်းက လာမယ့် ဇန်နဝါရီလ ဆောင်းရာသီ အပြောင်းအရွှေ့ ဈေးကွက် ဖွင့်လှစ်ချိန်မှာပဲ အသင်းရဲ့ ယူကရိန်း တောင်ပံ ကစားသမား မိုက်ခေးလို မူဒရစ်ကို ကလပ်အသင်း တစ်သင်းသင်းထံ အငှားသွားဖို့ စဉ်းစားနေပြီလို့ သတင်းထွက်ပေါ်လာခဲ့ပါတယ်။

ရှက်တာဒိုးနက် ကြယ်ပွင့်ဟောင်း မူဒရစ်ဟာ ပြီးခဲ့တဲ့ ၂၀၂၃ ဇန်နဝါရီလကမှ ချယ်လ်ဆီးအသင်းဆီ ပြောင်းရွှေ့ ရောက်ရှိလာခဲ့တာ ဖြစ်ပြီး လက်ရှိ မူဒရစ်က ချယ်လ်ဆီးအတွက် ပြိုင်ပွဲစုံ (၂၁)ပွဲအထိ ကစားထားချိန်မှာတောင် ဂိုးတစ်ဂိုးမှ မသွင်းနိုင်ပဲ ခြေစွမ်းပြဖို့ ရုန်းကန်နေခဲ့ရပါတယ်။

Photo Credit : Sports Mole

အသက် (၂၂)နှစ်အရွယ် ယူကရိန်း လက်ရွေးစင် မူဒရစ်ဟာ အာဆင်နယ်အသင်းဆီ ပြောင်းရွှေ့ဖို့ နီးစပ်ခဲ့ရာကနေ ချယ်လ်ဆီးက ကြားဖြတ် ခေါ်ယူခဲ့တာဖြစ်ပြီး အပိုဆုကြေးတွေ အပါအဝင်နဲ့ဆို ပြောင်းရွှေ့ကြေးကို ပေါင် (၈၉)သန်းလောက်အထိ အသုံးပြုထားခဲ့ရပါတယ်။

အသက်လည်း ငယ်သေးပြီး ရှက်တာ နဲ့ ယူကရိန်းတို့မှာပါ အလွန်ကို ခြေစွမ်းပြနေတဲ့ ကစားသမားလေးကို ရလိုက်တာမို့ ချယ်လ်ဆီးအတွက် အကောင်းဆုံး ခေါ်ယူမှုတစ်ခု ဖြစ်ခဲ့တယ်လို့ ယူဆခဲ့ပေမယ့်လည်း တကယ်တမ်းမှာတော့ မူဒရစ်က ချယ်လ်ဆီးက ရုန်းကန်နေခဲ့ရပါတယ်။

Photo Credit : Goal

ဒီလို အခြေအနေမှာ ချယ်လ်ဆီးအသင်းက မူဒရစ်ကို လာမယ့် ဇန်နဝါရီလ ဆောင်းဈေးကွက်အတွင်းမှာပဲ အငှားချသွားဖို့ စဉ်းစားနေပြီလို့ လန်ဒန် အခြေစိုက် Football London သတင်းမီဒီယာကနေ ဖော်ပြလာခဲ့ပါတယ်။

ဘယ်ညာ တောင်ပံ နှစ်ဖက်လုံးမှာ ကစားတတ်သူ မူဒရစ်ဟာ ချယ်လ်ဆီးအတွက် (၂၁)ပွဲ ကစားထားရာမှာ (၂)ဂိုးသာ ဂိုးဖန်တီးပေးထားနိုင်သေးတာမို့ တကယ်လို့ သူရဲ့ ခြေစွမ်းပိုင်းတွေ ဆက်ပြီး မတိုးတက်လာခဲ့ရင် လာမယ့် ဆောင်းဈေးကွက်မှာပဲ သေချာပေါက် အငှားချသွားနိုင်ပါတယ်။