ပရီးမီးယားလိဂ် ထိပ်သီးအသင်းတွေ အားလုံးနီးပါး စိတ်ဝင်စားနေကြတဲ့ ခရစ္စတယ် ပဲလေ့စ်အသင်းရဲ့ အသင်းခေါင်းဆောင် နောက်ခံကစားသမား မာ့ခ် ဂေဟီကို သူ့အသင်းဟောင်း ချယ်လ်ဆီးက စပါးအသင်းထက် လက်ဦးမှု ရယူနိုင်လိမ့်မယ်လို့ ယုံကြည်လျက် ရှိနေတယ်လို့ သတင်းထွက်ပေါ်လာခဲ့ပါတယ်။
အသက်(၂၄)နှစ်အရွယ် အိုင်ဗရီကို့စ်နွယ်ဖွား ဗဟိုခံစစ်ကစားသမား ဂေဟီဟာ ၂၀၀၇ကတည်းက ချယ်လ်ဆီးအကယ်ဒမီဆီကို ရောက်ရှိနေခဲ့တာ ဖြစ်ပေမယ့် ချယ်လ်ဆီးစီနီယာအသင်းအတွက်ကိုတော့ (၂)ပွဲသာ ကစားခွင့်ရခဲ့ပြီး ၂၀၂၀မှာ ဆွမ်ဆီးအသင်းဆီ အငှားချခံခဲ့ရသလို ၂၀၂၁မှာတော့ ပဲလေ့စ်အသင်းဆီ အပြီးသတ် ရောင်းချခံရပါတယ်။
Photo Credit : GiveMeSport
ပဲလေ့စ်မှာ အဓိက ကစားသမားတစ်ဦး ဖြစ်လာခဲ့တဲ့ နောက်ခံလူ ဂေဟီဟာ ပဲလေ့စ်ရဲ့ အသင်းခေါင်းဆောင်ပါ ဖြစ်လာခဲ့ရပြီး အင်္ဂလန် လက်ရွေးစင်အသင်းအတွက်ပါ ရွေးချယ်ခံခဲ့ရသလို ပြီးခဲ့တဲ့ ယူရို-၂၀၂၄ ပြိုင်ပွဲမှာလည်း အင်္ဂလန်အသင်းအတွက် ပွဲတိုင်းနီးပါးပါ ပါဝင်ကစားခဲ့ရပါသေးတယ်။
ပဲလေ့စ်နဲ့ အင်္ဂလန်အသင်းတို့အတွက် အဓိက ကစားသမား ဖြစ်လာခဲ့တဲ့ ဂေဟီကို အာဆင်နယ် လီဗာပူးလ် စပါးနဲ့ မန်ယူနိုက်တက်တို့အပြင် သူရဲ့ အသင်းဟောင်း ချယ်လ်ဆီးကပါ စိတ်ဝင်စားလာကြပြီး စပါးအသင်းဆိုရင်လည်း ဆောင်းဈေးကွက်မှာပဲ ဂေဟီအတွက် ပြောင်းရွှေ့ကြေး ပေါင်သန်း(၇၀)နဲ့ပါ ကမ်းလှမ်းမှု ပြုလုပ်ခဲ့ပါသေးတယ်။
Photo Credit : Football365
ပဲလေ့စ်ဘက်ကတော့ ဂေဟီလို သူတို့အသင်းရဲ့ အဓိက ကစားသမားတစ်ဦးကို အသင်းကနေ အလွယ်တကူနဲ့ မရောင်းထုတ်သွားချင်နေပေမယ့်လည်း လာမယ့်နွေကျရင်တော့ လက်ခံနိုင်လောက်မယ့် ပြောင်းရွှေ့ကြေးမျိုးနဲ့ ကမ်းလှမ်းလာမယ်ဆိုရင်တော့ လက်ခံသွားရဖွယ် ရှိနိုင်ပါတယ်။
ချယ်လ်ဆီးကလည်း သူတို့ရဲ့ ကစားသမားဟောင်း ဂေဟီကို အသင်းဆီ အရ ခေါ်ယူနိုင်ဖို့အတွက် ပြောင်းရွှေ့ကြေးအပြင် ကစားသမား အလိုက်ပေးမှု ဒါမှမဟုတ် ကစားသမား အငှားချမှုတွေကိုပါ လုပ်ဆောင်သွားဖို့ ရှိနေပြီး ကစားသမားကိုယ်တိုင်ကလည်း တခြားအသင်းတွေဆီ ပြောင်းရွှေ့ဖို့ထက် အသင်းဟောင်းဆီကိုသာ ပြန်လာလိမ့်မယ်လို့ ယုံကြည်နေပါတယ်။