ယခုနှစ် ဘောလုံးရာသီမှာ ဥရောပ ချန်ပီယံအဖြစ် အောင်ပွဲခံနိုင်ခဲ့တဲ့ ပရီးမီးယားလိဂ် အင်အားကြီးကလပ် ချယ်လ်ဆီးအသင်းဟာ အီတလီ စီးရီးအေ ချန်ပီယံ ဖြစ်တဲ့ အင်တာမီလန်အသင်းရဲ့ မော်ရိုကန် ညာနောက်ခံလူ ဟာခီမီကို ခေါ်ယူဖို့ ပြင်သစ် အင်အားကြီးကလပ် ပီအက်စ်ဂျီအသင်းနဲ့ အပြိုင် ကြိုးပမ်းနေကြောင်း အီတလီ အခြေစိုက် သတင်းဌာနတွေက အခိုင်အမာ ဖော်ပြသွားပါတယ်။ အသက် ၂၂နှစ် အရွယ် မော်ရိုကို နောက်ခံလူ ဟာခီမီဟာ ယခုနှစ် ဘောလုံးရာသီမှာ အင်တာမီလန်အသင်း စီးရီးအေ ချန်ပီယံဖြစ်အောင် အဓိက စွမ်းဆောင်ပေးခဲ့တဲ့ ကစားသမားတွေထဲက တဦး ဖြစ်ပြီး သူ့ရဲ့ တိုက်စစ် အသားပေး ကစားဟန် ၊ လျင်မြန်မှုတို့ကြောင့် ဥရောပ ထိပ်သီးအသင်း အများစုက သူ့ကို ခေါ်ယူဖို့ စောင့်ကြည့်နေကြပါတယ်။

Photo Credit: Mercato

ဟာခီမီဟာ အင်တာမီလန်အသင်းနဲ့ ၂၀၂၅ခုနှစ် အထိ စာချုပ်သက်တမ်း ရှိနေသေးသလို ယခုနှစ် ဘောလုံးရာသီမှာ အသင်းအတွက် ပြိုင်ပွဲစုံမှာ ၄၅ပွဲ အထိ ပါဝင် ကစားပေးခဲ့ကာ သွင်းဂိုး ၇ဂိုး သွင်းယူနိုင်ခဲ့ပြီး ဂိုးဖန်တီးမှု ၁၁ကြိမ်အထိ ပြုလုပ်ထားနိုင်ခဲ့ပေမယ့် အင်တာမီလန်အသင်းဟာ ဘဏ္ဍာရေး အကျပ်အတည်းနဲ့ ကြုံတွေ့နေရတာကြောင့် ဟာခီမီကို မြင့်မားတဲ့ ပြောင်းရွှေ့ကြေး တရပ်နဲ့ ရောင်းချဖို့ လုပ်ဆောင်နေရတာပဲ ဖြစ်ပါတယ်။ လက်ရှိမှာတော့ ဟာခီမီကို ခေါ်ယူဖို့ ပီအက်စ်ဂျီအသင်းနဲ့ ချယ်လ်ဆီးအသင်းတို့က အပြိုင်အဆိုင် ကြိုးပမ်းနေကြပြီး နှစ်သင်းစလုံးဟာ ဟာခီမီအတွက် အင်တာမီလန်အသင်းက တောင်းဆိုထားတဲ့ ပြောင်းရွှေ့ကြေး ယူရို ၆၀သန်းကို ပေးချေဖို့ လိုလိုလားလား ရှိနေတာကြောင့် ဟာခီမီကို ဘယ်အသင်းက ရရှိသွားမလဲ ဆိုတာဟာ စိတ်ဝင်စားစရာ ကောင်းနေပါတယ်။

Photo Credit: Mercato

အီတလီ စီးရီးအေရဲ့ အပြောင်းအရွှေ့ သတင်းတွေနဲ့ ပတ်သတ်ရင် ယုံကြည်စိတ်ချရတဲ့ DiMarzio သတင်းဌာနရဲ့ ဖော်ပြချက်အရ ပီအက်စ်ဂျီအသင်းနဲ့ ချယ်လ်ဆီးအသင်းတို့ဟာ ဟာခီမီကို ခေါ်ယူဖို့ တရားဝင် ကမ်းလှမ်းမှုတွေ ပြုလုပ်ထားကြသလို ဟာခီမီရဲ့ အေးဂျင့်နဲ့လည်း နှစ်သင်းစလုံးဟာ အဆက်အသွယ် ရှိနေကြောင်း သိရပါတယ်။ ကနဦးမှာ ဟာခီမီဟာ ပီအက်စ်ဂျီအသင်းထံ ပြောင်းရွှေ့ဖို့ သဘောတူညီမှု ရခဲ့ပြီ လို့ သတင်းတွေ ထွက်ပေါ်ခဲ့ပေမယ့် အဆိုပါ သတင်းတွေကို ဟာခီမီရဲ့ အေးဂျင့်ဟာ ငြင်းဆန်ခဲ့တာကြောင့် ဟာခီမီကို ခေါ်ယူဖို့ နှစ်သင်းစလုံးမှာ အခွင့်အရေး ဆတူ ရှိနေပြီး ဒီအပြောင်းအရွှေ့မှာ ဟာခီမီရဲ့ စိတ်ဆန္ဒကသာ အဓိက အရေးအကြီးဆုံး ဖြစ်နေပါတယ်။