MySport Myanmar

ချယ်လ်ဆီးရဲ့ ပိုင်ရှင်သစ်လက်ထက် ပထမဆုံး ခေါ်ယူမှု ဖြစ်လာတော့မယ့် ဒမ်ဘီလီ

ဘာစီလိုနာအသင်းရဲ့ ပြင်သစ် တိုက်စစ်ကစားသမား အူစမန်ဒမ်ဘီလီဟာ အခုဆိုရင် အမေရိကန်သူဌေးကြီး တော့ဒ်ဘိုလီလက်ထက်မှာ ချယ်လ်ဆီးအသင်းအတွက် ပထမဆုံး ခေါ်ယူသွားမယ့် ကစားသမားသစ် ဖြစ်လာတော့မယ်လို့ သတင်းတွေကနေ ဖော်ပြလာခဲ့ပါတယ်။

Photo Credit : The Sun

ချယ်လ်ဆီးအသင်းဟာ အသင်းရဲ့ ပိုင်ရှင်ကြီးဖြစ်တဲ့ ရုရှားသူဌေး ရိုမန်အေဘရာမိုဗစ်ချ်ရဲ့ ပိုင်ဆိုင်မှုကနေ အမေရိကန်သူဌေးကြီး တော့ဒ်ဘိုလီ ပြန်လည်ဝယ်ယူမှုက သဘောတူညီချက် ရယူနိုင်ခဲ့ပြီဖြစ်ကြောင်းနဲ့ ဒီကနေ့မှာပဲ လွှဲပြောင်းမှုက အပြီးသတ်နိုင်တော့မှာဖြစ်ကြောင်း အသင်းဘက်က တရားဝင် ထုတ်ပြန်ခဲ့ပြီးနောက်မှာ ပိုင်ရှင်သစ်လက်ထက် အသင်းဆီကို ပထမဆုံး ရောက်လာတော့မယ့် ကစားသမားသစ်က ပြင်သစ်ေ တောင်ပံတိုက်စစ်ကစားသမား ဒမ်ဘီလီ ဖြစ်တယ်လို့ပါ သတင်းမီဒီယာတွေကနေ ဖော်ပြလာခဲ့ပါတယ်။

Photo Credit : The Mirror

အသက်(၂၅)နှစ်အရွှယ်ရှိ ဒေါ့မွန်ကစားသမားဟောင်း ဒမ်ဘီလီဟာ လွန်ခဲ့တဲ့ ၂၀၁၇ခုနှစ်ကတည်းက ဘာစီလိုနာအသင်းဆီကို (၅)နှစ်စာချုပ်နဲ့ ရောက်ရှိလာခဲ့တာဖြစ်ပြီး လက်ရှိအချိန်မှာ သူရဲ့ စာချုပ်သက်တမ်းက ကုန်ဆုံးတော့မှာဖြစ်လို့ အသင်းဘက်က သူ့ကို သက်တမ်းတိုးဖို့ စီစဉ်နေတဲ့အပြင် ကလပ်အသင်းများစွာကလည်း ဒမ်ဘီလီကို အလွတ်ပြောင်းရွှေ့ကြေးနဲ့ ကမ်းလှမ်းသွားဖို့ ဟန်ပြင်နေကြပါတယ်။ ဒမ်ဘီလီကလည်း သူရဲ့လက်ရှိကလပ် ဘာစီလိုနာအသင်းနဲ့ ထပ်မံသက်တမ်းတိုးမလား သူ့ကို ခေါ်ယူဖို့ စိတ်ဝင်စားနေတဲ့ ကလပ်အသင်းတွေထဲကမှ တစ်သင်းသင်းကို ရွေးချယ်သွားမလားဆိုတာ ဆုံးဖြတ်ချက်ချသွားရတော့မှာ ဖြစ်ပါတယ်။ လက်ရှိမှာ ဒမ်ဘီလီကို ခေါ်ယူဖို့ ရေပန်းအစားဆုံး ဖြစ်နေရတဲ့ ကလပ်အသင်းတွေထဲမှာ ချယ်လ်ဆီး လီဗာပူးလ်နဲ့ ပီအက်စ်ဂျီတို့ ပါဝင်လို့နေပြီး ဒီအသင်းတွေထဲကမှ ချယ်လ်ဆီးက ဒမ်ဘီလီကို ခေါ်ယူနိုင်ဖို့ အခြေအနေအကောင်းဆုံး ဖြစ်နေရတယ်လို့ သတင်းထွက်လာခဲ့ပါတယ်။ ချယ်လ်ဆီးနည်းပြ သောမတ်စ်တူဟယ်လ်နဲ့ ဒမ်ဘီလီတို့ဟာလည်း ဒေါ့မွန်အသင်းမှာ အတူတကွ လက်တွဲခဲ့ဖူးသူတွေ ဖြစ်နေတာကြောင့် အခုတစ်ကြိမ် ချယ်လ်ဆီးမှာပါ ထပ်မံလက်တွဲသွားဖို့ နှစ်ဦးလုံး ဆန္ဒရှိနေပြီး ဒီအပြောင်းအရွှေ့ဟာလည်း မကြာခင်မှာ ဖြစ်ပေါ်လာလိမ့်မယ်လို့ နာမည်ကြီး သတင်းမီဒီယာတချို့မှာ ဖော်ပြလာကြပါတယ်။

Exit mobile version