ပရီးမီးယားလိဂ် အင်အားကြီးအသင်း တသင်း ဖြစ်တဲ့ ချယ်လ်ဆီးက ဘရိုက်တန်ရဲ့ လူငယ်ကြယ်ပွင့် တဦး ဖြစ်သူ ဇက် စတာ့ဂျ်ကို ခေါ်ယူနိုင်ဖို့ နီးစပ်နေကြောင်း နာမည်ကြီး သတင်းဌာန အများစုက တညီတညွတ်ထဲ ဖော်ပြသွားကြပါတယ်။

အသက် ၁၈နှစ် အရွယ်သာ ရှိသေးတဲ့ ဘယ်နောက်ခံ ကစားသမား ဇက် စတာ့ဂျ်က ပြီးခဲ့တဲ့ ဘောလုံးရာသီမှာ ဘရိုက်တန် လူငယ်အသင်းနဲ့ အတူ အတော်လေး ခြေစွမ်းပြနိုင်ခဲ့တဲ့ ကစားသမား တဦး ဖြစ်ပြီး သူ့ရဲ့ လျင်မြန်မှု ၊ ဖြတ်တင်ဘော တိကျမှုနဲ့ ပြိုင်ဘက်ရဲ့ တိုက်စစ် ကစားသမားတွေကို လူကပ်ကာ လှုပ်မရတော့အောင် ထိန်းချုပ် ကစားနိုင်မှုတို့ကြောင့်ပဲ နာမည်ကြီးနေပါတယ်။

Photo Credit: 90 Min

လက်ရှိမှာတော့ ပရီးမီးယားလိဂ် အင်အားကြီးအသင်း အများစုက ဇက် စတာ့ဂျ်ကို ခေါ်ယူဖို့ စိတ်ဝင်စားနေကြပြီး နောက်ပိုင်းနှစ်တွေမှာ လူငယ်ကြယ်ပွင့် များစွာကို မွေးထုတ်ပေးနိုင်ခဲ့တဲ့ ချယ်လ်ဆီးကတော့ ဇက် စတာ့ဂျ်ကို ခေါ်ယူနိုင်ဖို့ အတက်ကြွဆုံး လှုပ်ရှားနေသလို စတာ့ဂျ်ကို ခေါ်ယူနိုင်ဖို့ပါ နီးစပ်နေပါတယ်။

နာမည်ကြီး သတင်းဌာန တခု ဖြစ်တဲ့ 90 Min သတင်းဌာနရဲ့ ဖော်ပြချက်အရ ချယ်လ်ဆီးက စပါး ၊ လိဒ်ယူနိုက်တက်နဲ့ ဘရန့်ဖို့ဒ်တို့ကို ကျော်ဖြတ်ပြီး စတာ့ဂျ်ကို ခေါ်ယူဖို့ ကစားသမားနဲ့ ပုဂ္ဂိုလ်ရေးအရ သဘောတူညီမှု ရဖို့ နီးစပ်နေသလို ဘရိုက်တန်နဲ့ စတာ့ဂျ်ရဲ့ ပြောင်းရွှေ့ကြေးကို ညှိနှိုင်းဖို့သာ ကျန်တော့ကြောင်း သိရပါတယ်။

Photo Credit: 90 Min

စတာ့ဂျ်နဲ့ ဘရိုက်တန်ရဲ့ ကြားမှာ ရှိနေတဲ့ စာချုပ်ရဲ့ စာချုပ်ဖျက်သိမ်းကြေးက မြင့်မားနေတာကြောင့် ချယ်လ်ဆီးက စတာ့ဂျ်ကို စာချုပ်ဖျက်သိမ်းကြေး ပေးချေပြီး မခေါ်ယူချင်ပဲ စတာ့ဂျ်အတွက် ဘရိုက်တန်နဲ့ ပြောင်းရွှေ့ကြေး ညှိနှိုင်းဖို့ လုပ်ဆောင်နေကာ သဘောတူညီမှု ရယူနိုင်မယ်လို့လည်း ယုံကြည်နေပါတယ်။