ပရီးမီးယားလိဂ် အင်အားကြီးကလပ် ချယ်လ်ဆီးက သူတို့ရဲ့ အဓိက ပြိုင်ဘက်အသင်း တသင်း ဖြစ်တဲ့ မန်ချက်စတာ စီးတီးရဲ့ တောင်ပံတိုက်စစ် ကစားသမား တဦး ဖြစ်သူ ရာဟမ် စတာလင်းကို ခေါ်ယူနိုင်ဖို့ နီးစပ်နေကြောင်း ယုံကြည် စိတ်ချရတဲ့ သတင်းရင်းမြစ်တွေက အခိုင်အမာ ဖော်ပြသွားကြပါတယ်။

မကြာမီကမှ အသင်းပိုင်ရှင်သစ် အပြောင်းအလဲ ဖြစ်ထားတဲ့ ချယ်လ်ဆီးက ယခု နွေဈေးကွက် အတွင်းမှာ အသင်းကို သွေးသစ်လောင်းဖို့ စီစဉ်ထားတဲ့ အသင်းတသင်း ဖြစ်ပြီး ချယ်လ်ဆီးနည်းပြ တူဟယ်လ်က အသင်းထံ အနည်းဆုံး ကစားသမားသစ် ၆ဦး ခေါ်ယူဖို့ လျာထားပါတယ်။

Photo Credit: Daily Mail

အထူးသဖြင့် တူဟယ်လ်က အသင်းရဲ့ လူစာရင်းမှာ အားအနည်းဆုံး နေရာလို့ ပြောရမယ့် တောင်ပံတိုက်စစ်ကို အဓိကထား အင်အားဖြည့်တင်းဖို့ ကြံရွယ်နေပြီး ကနဦးမှာ တူဟယ်လ်က သူ့ရဲ့ တပည့်ဟောင်း ဒမ်ဘီလီကို ပြန်လည် ခေါ်ယူဖို့ ကြိုးပမ်းခဲ့ပေမယ့် ဒမ်ဘီလီဟာ ဘာစီလိုနာမှာသာ ဆက်နေဖို့ ဆုံးဖြတ်ခဲ့တာကြောင့်ပဲ သူ့ရဲ့ ဒုတိယမြောက် ပစ်မှတ် ကစားသမား ဖြစ်တဲ့ စတာလင်းကို ခေါ်ယူဖို့ အသင်းရဲ့ တာဝန်ရှိသူတွေထံ မီးစိမ်းပြခဲ့တာပါ။

နာမည်ကြီး သတင်းထောက် တဦး ဖြစ်သူ ဒီမာဇီယိုရဲ့ ဖော်ပြချက်အရ ချယ်လ်ဆီးက ယနေ့ညနေမှာပဲ စတာလင်းရဲ့ အေးဂျင့်တွေထံ ချိတ်ဆက်ကာ အပြောင်းအရွှေ့ အတွက် ဆွေးနွေးမှုတွေ ပြုလုပ်ခဲ့သလို မန်ချက်စတာ စီးတီးထံလည်း တရားဝင် ဆက်သွယ်မှုတွေ ပြုလုပ်ခဲ့ပြီး ချယ်လ်ဆီးရဲ့ တာဝန်ရှိသူတွေက စတာလင်းကို ပြောင်းရွှေ့ကြေး ပေါင် ၃၅သန်းနဲ့ ခေါ်ယူနိုင်မယ်လို့ ယုံကြည်ထားကြောင်းလည်း သိရပါတယ်။

Photo Credit: Daily Mail

အသက် ၂၇နှစ် အရွယ် အင်္ဂလန် လက်ရွေးစင် တောင်ပံတိုက်စစ် ကစားသမား စတာလင်းက ယခု နွေဈေးကွက် အတွင်းမှာ မန်ချက်စတာ စီးတီးကနေ ထွက်ခွာခွင့် ရထားသူ ဖြစ်ပြီး မန်ချက်စတာ စီးတီးကတော့ စတာလင်းအတွက် ပြောင်းရွှေ့ကြေး ပေါင် ၄၅သန်း ဝန်းကျင် လိုချင်နေကြောင်း မန်ချက်စတာ စီးတီးနဲ့ နီးစပ်သူတွေက ဆိုထားကြပါတယ်။

လက်ရှိမှာတော့ ချယ်လ်ဆီးရဲ့ တာဝန်ရှိသူတွေက စတာလင်းကို ခပ်မြန်မြန် ခေါ်ယူနိုင်ဖို့ ကစားသမားရဲ့ အေးဂျင့်နဲ့ရော ၊ မန်ချက်စတာ စီးတီးရဲ့ တာဝန်ရှိသူတွေနဲ့ပါ တွေ့ဆုံကာ ဆွေးနွေးနေမှုတွေ လုပ်နေပြီး လာမယ့် သီတင်းပတ် အတွင်း စတာလင်းကို ခေါ်ယူနိုင်ဖို့ ပစ်မှတ်ထား ကြိုးပမ်းနေပါတယ်။