ပရီးမီးယားလိဂ် အင်အားကြီးအသင်း တသင်း ဖြစ်တဲ့ ချယ်လ်ဆီးက စပိန်လာလီဂါ ထိပ်သီးကလပ် ရီးရဲလ်မက်ဒရစ်ရဲ့ ပစ်မှတ် ကစားသမား တဦး ဖြစ်သူ အမေရိကန် ဂိုးသမား ဆိုလိုနီနာကို ကြားဖြတ် ခေါ်ယူနိုင်တော့မယ်လို့ ယုံကြည် စိတ်ချရတဲ့ သတင်းရင်းမြစ်တွေက အခိုင်အမာ ဖော်ပြသွားကြပါတယ်။

အသက် ၁၈နှစ် အရွယ်သာ ရှိသေးတဲ့ အမေရိကန် လက်ရွေးစင် ဂိုးသမား ဆလိုနီနာဟာ ပြီးခဲ့တဲ့ ဘောလုံးရာသီမှ စတင်ကာ အမေရိကန် မေဂျာလိဂ်ကလပ် ချီကာဂို ဖိုင်းယားရဲ့ နံပါတ်တစ် ဂိုးသမား နေရာကို သိမ်းပိုက်နိုင်ခဲ့သူ ဖြစ်ပြီး အသက်အရွယ်နဲ့ မလိုက်တဲ့ လက်စွမ်းကောင်းတွေကို ပိုင်ဆိုင်ထားသူလည်း ဖြစ်ပါတယ်။

Photo Credit: Daily Mail

ချီကာဂို ဖိုင်းယားရဲ့ လူငယ်အကယ်ဒမီ ကနေ ထွက်ပေါ်လာတဲ့ လူငယ်ကြယ်ပွင့် ဂိုးသမား ဆလိုနီနာက ပြီးခဲ့တဲ့ ဘောလုံးရာသီမှာ ချီကာဂို ဖိုင်းယား အတွက် ၁၃ပွဲ ပါဝင် ကစားပေးခဲ့ရာ ပေးဂိုး ၂၀ဂိုး ခွင့်ပြုခဲ့ရပြီး ပေးဂိုးမရှိတဲ့ပွဲ ၅ပွဲ အထိ ရှိခဲ့ပါတယ်။

ဆလိုနီနာလို လူငယ် ဂိုးသမား တဦး အတွက် ၁၃ပွဲမှာ ပေးဂိုးမရှိတဲ့ပွဲ ၅ပွဲ အထိ ရရှိခဲ့တာက အတော်လေးကို ကောင်းမွန်တဲ့ မှတ်တမ်းကောင်း တရပ် ဖြစ်ပြီး သူ့ရဲ့ လက်စွမ်း ၊ တိုးတက်လာနိုင်တဲ့ အရည်အချင်းတွေကြောင့်ပဲ ဥရောပ အင်အားကြီးအသင်း နှစ်သင်း ဖြစ်တဲ့ ရီးရဲလ်မက်ဒရစ်နဲ့ ချယ်လ်ဆီးတို့က သူ့ကို ခေါ်ယူဖို့ အပြိုင်အဆိုင် ကြိုးပမ်းခဲ့ကြတာပါ။

Photo Credit: Daily Mail

ကနဦးမှာတော့ ရီးရဲလ်မက်ဒရစ်က ဆလိုနီနာကို ခေါ်ယူနိုင်ဖို့ ရေပန်းအစားဆုံး ဖြစ်ခဲ့ပေမယ့် သူတို့ရဲ့ ကမ်းလှမ်းမှု ဖြစ်တဲ့ ပြောင်းရွှေ့ကြေး ယူရို ၁၀သန်းတန် ကမ်းလှမ်းမှုကို ချီကာဂို ဖိုင်းယားဘက်က ပယ်ချခဲ့ပြီးနောက် ရီးရဲလ်မက်ဒရစ်ဟာ ဆလိုနီနာ အတွက် နောက်ထပ် ကမ်းလှမ်းမှုတွေ ထပ်လုပ်ဖို့ တွန့်ဆုတ်နေခဲ့ပြီး ချယ်လ်ဆီးကတော့ အဆိုပါ အခြေအနေကို အခွင့်ကောင်းယူကာ ဆလိုနီနာ အတွက် ကနဦး ပြောင်းရွှေ့ကြေး ယူရို ၁၀သန်း + အပိုဆုကြေးတွေနဲ့ ကမ်းလှမ်းမှု ပြုလုပ်ခဲ့သလို သူတို့က ဆလိုနီနာကို ချီကာဂို ဖိုင်းယားထံ ၁ရာသီ အငှားပြန်ချမယ် ဆိုတဲ့ မက်လုံးလည်း ပေးခဲ့ပါသေးတယ်။

နာမည်ကြီး သတင်းထောက် ဖာဘရီဇီယို ရိုမာနိုရဲ့ ဖော်ပြချက်အရ ချယ်လ်ဆီးရဲ့ ကမ်းလှမ်းမှုက ချီကာဂို ဖိုင်းယား အတွက် ပိုပြီး သဘောကျစရာ ကောင်းနေတာကြောင့် ချယ်လ်ဆီးက ဆလိုနီနာကို ခေါ်ယူနိုင်ဖို့ နီးစပ်နေကာ ရီးရဲလ်မက်ဒရစ်ကတော့ ဆလိုနီနာကို လက်လျှော့လိုက်ဖို့ ရှိနေကြောင်း သိရပါတယ်။