လက်ရှိ နွေစျေးကွက် အတွင်းမှာ ကစားသမား ခေါ်ယူမှုတွေကို ခပ်သွက်သွက် လုပ်ဆောင်နေတဲ့ ချယ်လ်ဆီးအသင်းဟာ လက်ရှိ အချိန်မှာတော့ သူတို့အသင်းရဲ့ အားနည်းချက် တစ်ခုလို ဖြစ်နေတဲ့ ဂိုးသမား နေရာအတွက် ရန်းနက်စ် အသင်းရဲ့ ဂိုးသမား မန်ဒီကို ခေါ်ယူနိုင်တော့မယ် လို့ သိရှိရပါတယ်။ ချယ်လ်ဆီးအသင်းဟာ လက်ရှိ နွေစျေးကွက် အတွင်းမှာ အသင်းကို လူအင်အားများစွာ ဖြည့်တင်းထားတဲ့ အသင်း ဖြစ်ပြီး တီမိုဝါနာ ၊ ဇီရက်ဇ် ၊ ကိုင်ဟားဗက် ၊ ဘန်ချီဝဲလ် ၊ သီယာဂို ဆေးလ်ဗား ၊ ဆားလ်တို့ကို ခေါ်ယူထားနိုင်ခဲ့ကာ ရန်းနက်စ် ဂိုးသမား မန်ဒီကိုသာ ခေါ်ယူနိုင်ခဲ့ပါက မန်ဒီဟာ သူတို့အသင်းရဲ့ လက်ရှိ နွေစျေးကွက် အတွင်းမှာ အသင်းကြီးအတွက် ခုနှစ်ဦးမြောက် ခေါ်ယူတဲ့ ကစားသမား ဖြစ်လာမှာပါ။

Photo Credit: Talksport

ချယ်လ်ဆီးအသင်းဟာ လွန်ခဲ့တဲ့ ၂နှစ်ကျော် ကာလကမှ စပိန် ဂိုးသမား ကီပါကို ဘီလ်ဘာအိုအသင်းကနေ ဂိုးသမား တစ်ဦးအတွက် ကမ္ဘာ့ စံချိန်တင် ပြောင်းရွှေ့ကြေး ဖြစ်တဲ့ ပြောင်းရွှေ့ကြေး ပေါင် ၇၁ သန်းနဲ့ ခေါ်ယူခဲ့တာ ဖြစ်ပေမယ့် လက်ရှိမှာတော့ ကီပါကို ရောင်းထုတ်ဖို့အထိ တောင် စဉ်းစားနေပါတယ်။ ချယ်လ်ဆီးအသင်းရဲ့ လူစာရင်းမှာ ကီပါ ၊ ကာဘယ်လာရို ၊ နသန် ဘက်ရှ်တာ စတဲ့ ဂိုးသမားတွေ ရှိနေပေမယ့် ကီပါရဲ့ လက်စွမ်းဟာ ထိပ်တန်းအဆင့်မှာ ရှိမနေသလို ကာဘယ်လာရိုနဲ့ ဘက်ရှ်တာ တို့ဟာလည်း အသင်းကြီး တစ်သင်းရဲ့ ဂိုးသမားဖြစ်ဖို့ အရည်အချင်း မပြည့်မီတာကြောင့် ချယ်လ်ဆီးအသင်းဟာ ရန်းနက်စ်ဂိုးသမား မန်ဒီကို ခေါ်ယူဖို့ ချဉ်းကပ်ခဲ့တာ ဖြစ်ကြောင်း လန်ဒန်အခြေစိုက် သတင်းဌာနတွေက ဖော်ပြခဲ့ကြပါတယ်။

Photo Credit: Talksport

အသက် ၂၈ နှစ်အရွယ် ရှိနေပြီ ဖြစ်တဲ့ ဆီနီဂေါ လက်ရွေးစင် မန်ဒီဟာ ပြီးခဲ့တဲ့ ဘောလုံးရာသီမှာ ရန်းနက်စ်အသင်းအတွက် လက်စွမ်းပြနိုင်ခဲ့တဲ့ ဂိုးသမား တစ်ဦး ဖြစ်ပြီး ပြင်သစ်လီဂူး ပွဲစဉ် ၂၄ ပွဲ ပါဝင် ကစားခဲ့ရာမှာ ပေးဂိုး ၁၉ဂိုးသာ ခွင့်ပြုပေးခဲ့ရကာ ဂိုးမပေးရတဲ့ပွဲစဉ် ၉ပွဲ အထိ ရှိခဲ့ပါတယ်။ နာမည်ကြီး သတင်းထောက် တစ်ဦး ဖြစ်တဲ့ Fabrizio Romano ရဲ့ အဆိုအရတော့ ချယ်လ်ဆီးအသင်းဟာ မန်ဒီကို ခေါ်ယူနိုင်ဖို့ အတွက် ရန်းနက်စ်အသင်းနဲ့ နောက်ဆုံးအဆင့် ဆွေးနွေးမှုတွေကို လုပ်ဆောင်နေပြီး မကြာမီမှာပဲ အပြောင်းအရွှေ့ဟာ ဖြစ်ပေါ်လာဖွယ် ရှိကြောင်း သိရှိရပါတယ်။ Transfer Market ရဲ့ ဖော်ပြချက်အရ လက်ရှိမှာ မန်ဒီရဲ့ တန်ကြေးဟာ ယူရို ၇သန်း ဝန်းကျင်သာ ရှိပေမယ့် မန်ဒီဟာ ရန်းနက်စ်အသင်းထံ ပြောင်းရွှေ့​​ကြေး ယူရို ၉သန်းနဲ့ ပြောင်းရွှေ့လာခဲ့သူ ဖြစ်တာကြောင့် မန်ဒီအတွက် ချယ်လ်ဆီးအသင်းဟာ ပြောင်းရွှေ့ကြေး ယူရို ၁၅သန်းဝန်းကျင် ပေးချေရဖွယ် ရှိပါတယ်။