ပရီးမီးယားလိဂ် အင်အားကြီးအသင်း တသင်း ဖြစ်တဲ့ ချယ်လ်ဆီးဟာ သူတို့ရဲ့ မြို့ခံပြိုင်ဘက် အာဆင်နယ်ရဲ့ ယူ-၁၈ ကစားသမားလေး အက်ဒဝပ်ကို ခေါ်ယူဖို့ ချဉ်းကပ်မှုတွေ လုပ်ဆောင်နေကြောင်း အင်္ဂလန် အခြေစိုက် သတင်းဌာနတွေက အခိုင်အမာ ဖော်ပြသွားကြပါတယ်။

အသက် ၁၈နှစ် အရွယ် လူငယ်ကြယ်ပွင့် ခရွန် အက်ဒဝပ်ဟာ အာဆင်နယ်နဲ့ စာချုပ်သက်တမ်း ၃လသာ ကျန်တော့တဲ့ ကစားသမား တဦး ဖြစ်ပြီး အာဆင်နယ်က သူ့ကို စာချုပ်သစ် ချုပ်ဆိုဖို့ ကြိုးပမ်းနေပေမယ့် အက်ဒဝပ်ကတော့ အခြားအသင်း တသင်းဆီ ပြောင်းရွှေ့ကာ သူ့ရဲ့ အရည်အသွေးကို သက်သေပြဖို့ ပိုမို စိတ်အားထက်သန်နေပါတယ်။

Photo Credit: Express

အက်ဒဝပ်ဟာ ယခုနှစ် ဘောလုံးရာသီမှာ အာဆင်နယ် လူငယ်အသင်းတွေ အတွက် ပြိုင်ပွဲစုံမှာ ၂၂ပွဲ ပါဝင် ကစားပေးထားရာ သွင်းဂိုး ၁၇ဂိုး အထိ သွင်းယူထားနိုင်ပြီး ဂိုးဖန်တီးမှု ၆ကြိမ် ပြုလုပ်ထားနိုင်သလို ယူ-၁၈ အတွက် ဝင်ရောက် ကစားပေးခဲ့တဲ့ ပွဲစဉ်တိုင်းမှာ သွင်းဂိုးတွေ သွင်းယူပေးနိုင်ခဲ့တဲ့ မှတ်တမ်းကောင်း တရပ်ကိုလည်း ပိုင်ဆိုင်ထားပါတယ်။

ဒါကြောင့်ပဲ ချယ်လ်ဆီးအပါအဝင် ဥရောပရဲ့ အင်အားကြီးအသင်းတွေက အက်ဒဝပ်ကို ခေါ်ယူဖို့ စောင့်ကြည့်နေကြပြီး ချယ်လ်ဆီးရဲ့ ကင်းထောက်တွေက ယခုနှစ် ဘောလုံးရာသီ စတင်ချိန်ကတည်းက အက်ဒဝပ်ကို ခေါ်ယူဖို့ ကြိုးစား လုပ်ဆောင်နေတာကြောင့် ချယ်လ်ဆီးက အက်ဒဝပ်ကို ခေါ်ယူနိုင်ဖို့ အခြေအနေ အကောင်းဆုံး ဖြစ်နေကြောင်း အာဆင်နယ်နဲ့ နီးစပ်သူတွေက အတည်ပြုပေးထားပါတယ်။

Photo Credit: Express

ဒါပေမယ့် ဗြိတိန်အစိုးရက ချယ်လ်ဆီးသူဌေး အေဘရာမိုဗစ်ချ် အပေါ် ပိတ်ဆို့မှုတွေ ပြုလုပ်ခဲ့တာကြောင့် ချယ်လ်ဆီးအနေနဲ့ အက်ဒဝပ်ကို ယခုအချိန်မှာ အကြို သဘောတူညီမှု စာချုပ် ချုပ်ဆိုနိုင်ဖို့ ခက်ခဲနေပြီး အသင်းပိုင်ရှင် အပြောင်းအလဲ ဖြစ်ပြီးမှသာ ချယ်လ်ဆီးဘက်က အက်ဒဝပ်ကို ခေါ်ယူနိုင်ဖို့ ရှိနေကြောင်းလည်း နာမည်ကြီး သတင်းဌာန တခု ဖြစ်တဲ့ Goal သတင်းဌာနက ဆိုပါတယ်။