ပရီးမီးယားလိဂ် အင်အားကြီးအသင်း တသင်း ဖြစ်တဲ့ ချယ်လ်ဆီးက စပိန်လာလီဂါ ထိပ်သီးကလပ် ဘာစီလိုနာနဲ့ စာချုပ်သက်တမ်း ကုန်ဆုံးတော့မယ့် ပြင်သစ် တောင်ပံတိုက်စစ် ကစားသမား အူစမာနီ ဒမ်ဘီလီကို အလွတ် ပြောင်းရွှေ့ကြေးနဲ့ ခေါ်ယူနိုင်ဖို့ နီးစပ်နေကြောင်း ဥရောပ အခြေစိုက် သတင်းဌာနတွေက အခိုင်အမာ ဖော်ပြသွားကြပါတယ်။

အသက် ၂၅နှစ် အရွယ် ပြင်သစ်လက်ရွေးစင် တောင်ပံတိုက်စစ် ကစားသမား အူစမာနီ ဒမ်ဘီလီက လာမယ့် ဇူလိုင်လ ၁ရက်နေ့မှာ ဘာစီလိုနာနဲ့ စာချုပ်သက်တမ်း ကုန်ဆုံးတော့မယ့် ကစားသမား တဦး ဖြစ်ပြီး ဘာစီလိုနာနဲ့ စာချုပ်သစ် ကိစ္စ ဆွေးနွေးမှုတွေ လုပ်နေပေမယ့် အဆင်ပြေဖွယ် မရှိပဲ အသင်းသစ် တသင်းထံ ပြောင်းဖို့ အခွင့်အလမ်း များပြားနေသူပါ။

Photo Credit: Standard

ဒေါ့မွန်ကနေ ဘာစီလိုနာထံ စံချိန်တင် ပြောင်းရွှေ့ကြေး တရပ်နဲ့ ပြောင်းရွှေ့လာခဲ့တဲ့ ဒမ်ဘီလီက ဘောလုံးအရည်အသွေး ပြည့်ဝတဲ့ ထိပ်သီး တောင်ပံတိုက်စစ် ကစားသမား တဦး ဖြစ်ပြီး ဒဏ်ရာတွေ ကင်းစင်နေတဲ့ အချိန်တွေမှာ ဆိုရင် အကောင်းဆုံး ခြေစွမ်းတွေကို ပြသနိုင်လေ့ ရှိပါတယ်။

ဒါပေမယ့် ဒမ်ဘီလီက မကြာခဏ ဆိုသလို ဒဏ်ရာရလေ့ ရှိပြီး အဆိုပါ ကြံ့ခိုင်မှု အားနည်းချက်ကြောင့်ပဲ ဥရောပ ထိပ်သီးကလပ် အတော်များများက ဒမ်ဘီလီကို စောင့်ကြည့်နေကြပေမယ့် အမှန်တကယ် ခေါ်ယူဖို့ တွန့်ဆုတ်နေကြပြီး ပြင်သစ် ထိပ်သီးကလပ် ပီအက်စ်ဂျီနဲ့ ဒမ်ဘီလီရဲ့ ဆရာဟောင်း တူဟယ်လ် ရှိနေတဲ့ ချယ်လ်ဆီးတို့ကသာ သူ့ကို ခေါ်ယူဖို့ ချဉ်းကပ်မှုတွေ ပြုလုပ်နေပါတယ်။

Photo Credit: Standard

နာမည်ကြီး သတင်းဌာန တခု ဖြစ်တဲ့ Daily Mail သတင်းဌာနရဲ့ ဖော်ပြချက်အရ တူဟယ်လ်ရဲ့ ချယ်လ်ဆီးက ဒမ်ဘီလီကို ခေါ်ယူနိုင်ဖို့ ပီအက်စ်ဂျီထက် ပိုမို အခွင့်အလမ်း များပြားနေကာ ပီအက်စ်ဂျီရဲ့ အားကစား ဒါရိုက်တာအသစ် ဖြစ်လာမယ့် အိုကွန်ပါ့တ်ရဲ့ ဒဏ်ရာများတဲ့ ကစားသမားတွေကို မခေါ်ယူတတ်တဲ့ အစဉ်အလာကြောင့် ချယ်လ်ဆီးကသာ ဒမ်ဘီလီကို အလွတ်နဲ့ ခေါ်ယူနိုင်ဖို့ ရှိနေကြောင်း သိရပါတယ်။

ချယ်လ်ဆီးကတော့ တူဟယ်လ်ရဲ့ တောင်းဆိုချက်အရ ဒမ်ဘီလီကို ခေါ်ယူဖို့ အပြင်းအထန် ကြိုးပမ်းနေပြီး ဒမ်ဘီလီကို တပတ် လုပ်ခလစာ ပေါင် ၂သိန်းကျော်နဲ့ ၄နှစ် သက်တမ်း ရှိတဲ့ စာချုပ်တရပ် ကမ်းလှမ်းထားကာ ဒမ်ဘီလီကလည်း ဆရာဟောင်း တူဟယ်လ်နဲ့ ပြန်လည် လက်တွဲဖို့ ဆန္ဒရှိနေကြောင်း နာမည်ကြီး စပိန်အခြေစိုက် သတင်းဌာန တခု ဖြစ်တဲ့ Marca သတင်းဌာနကလည်း အတည်ပြုထားပါသေးတယ်။