ပရီးမီးယားလိဂ်ရဲ့ နာမည်ကြီးအသင်း ဖြစ်တဲ့ ချယ်လ်ဆီးအသင်းဟာ လက်စတာအသင်းရဲ့ အင်္ဂလန် ဘယ်နောက်ခံလူ ဘန်ချီဝဲလ်ကို ဘယ်နောက်ခံလူ တစ်ဦးအတွက် ကမ္ဘာ့စံချိန်တင် ပြောင်းရွှေ့ကြေး တစ်ရပ်နဲ့ ခေါ်ယူနိုင်တော့မယ် လို့ အင်္ဂလန် သတင်းမီဒီယာတွေက ဖော်ပြသွားကြပါတယ်။ ချယ်လ်ဆီးအသင်းရဲ့ နည်းပြဖြစ်သူ လမ်းပတ်ဟာ လက်ရှိ ဘောလုံးရာသီမှာ အသင်းရဲ့ အားအနည်းဆုံး အစိတ်အပိုင်း တစ်ခု ဖြစ်နေတဲ့ ခံစစ်ကြောင်းကို အင်အားဖြည့်တင်းဖို့ အလိုရှိနေပြီး လက်စတာအသင်းနဲ့အတူ ထိပ်တန်း ခြေစွမ်းတွေကို ပြသထားနိုင်တဲ့ ဘန်ချီဝဲလ်ဟာ လမ်းပတ်ရဲ့ အဓိက ပစ်မှတ်တွေထဲက တစ်ဦးလည်း ဖြစ်ပါတယ်။

Photo Credit: Express

ချယ်လ်ဆီးအသင်းဟာ လက်ရှိ ပရီးမီးယားလိဂ် ဘောလုံးရာသီမှာဆိုရင် သွင်းဂိုး ၅၄ဂိုးအထိ ခွင့်ပြုပေးခဲ့ရပြီး ဒါဟာ အမှတ်ပေးဇယားရဲ့ ထိပ်ဆုံးလေးသင်းထဲမှာ ပေးဂိုးအများဆုံး ခွင့်ပြုပေးရတာလည်း ဖြစ်ပါတယ်။ ဒါ့ကြောင့်ပဲ လမ်းပတ်ဟာ လာမယ့် ဘောလုံးရာသီမှာ ပရီးမီးယားလိဂ်ကို ပြန်လည် စိန်ခေါ်နိုင်ဖို့ ဘန်ချီဝဲလ် ကို ခေါ်ယူဖို့ အလိုရှိနေတာ ဖြစ်ပြီး လန်ဒန်အခြေစိုက် သတင်းဌာနတွေရဲ့ အဆိုအရတော့ ချယ်လ်ဆီးအသင်းဟာ ဘန်ချီဝဲလ်အတွက် လက်စတာအသင်းနဲ့ ဆွေးနွေးမှုတွေ အားလုံး ပြီးပြတ်သွားခဲ့ပြီ ဖြစ်ကာ မကြာမီမှာပဲ ချီဝဲလ်ရဲ့ အပြောင်းအရွှေ့ဟာ တရားဝင် ဖြစ်ပေါ်လာတော့မှာ ဖြစ်ကြောင်း သိရှိရပါတယ်။

Photo Credit: Express

ဘန်ချီဝဲလ်ကို ခေါ်ယူဖို့အတွက် မန်စီးတီးအသင်းကလည်း စိတ်ဝင်စားခဲ့ပေမယ့် ချယ်လ်ဆီးအသင်းဟာ မန်စီးတီးအသင်းထက် လက်ဦးမှု ရယူကာ ချီဝဲလ်ကို ခေါ်ယူဖို့ လက်စတာအသင်းနဲ့ သဘောတူညီမှု ရယူနိုင်ခဲ့တာလို့လည်း သိရပါတယ်။ နာမည်ကြီး သတင်းဌာန တစ်ခု ဖြစ်တဲ့ The Times သတင်းဌာနရဲ့ အဆိုအရ တော့ ချယ်လ်ဆီးအသင်းဟာ ဘန်ချီဝဲလ်ကို ခေါ်ယူနိုင်ဖို့ အတွက် လက်စတာအသင်းနဲ့ ဆွေးနွေးမှုတွေ အားလုံးဟာ ပြီးပြတ်သွားပြီ ဖြစ်ကာ ဘန်ချီဝဲလ်ကို ခေါ်ယူနိုင်ဖို့ ဘယ်နောက်ခံလူတစ်ဦး အတွက် စံချိန်တင် ပြောင်းရွှေ့ကြေးတစ်ရပ်ကို ပေးချေရမယ် လို့ သိရပါတယ်။

Photo Credit: Express

လက်ရှိအချိန်မှာ ဘယ်နောက်ခံလူ တစ်ဦး အတွက် ကမ္ဘာ့စံချိန်တင် ပြောင်းရွှေ့ကြေးဟာ ပေါင် ၆၈သန်းဖြစ်ပြီး ဘိုင်ယန်မြူးနစ်အသင်းက လူးကပ်ဟာနန်ဒက်ကို ခေါ်ယူရာမှာ သုံးစွဲခဲ့ရတာလည်း ဖြစ်ပါတယ်။ ဒါ့ကြောင့် ဘန်ချီဝဲလ်ရဲ့ ပြောင်းရွှေ့ကြေးဟာ အနိမ့်ဆုံး ပေါင် ၇၀သန်း ကနေ ပေါင် ၈၀ သန်းဝန်းကျင် ကြားမှာ ရှိနိုင်တယ်လို့ အပြောင်းအရွှေ့ ကျွမ်းကျင်သူတွေက သုံးသပ် ခန့်မှန်းထားကြပါတယ်။